ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စစ်တွေသို့ ရောက်ရှိလာသည့် ကုလအထူးကိုယ်စားလှယ်မစ္စခရစ်စတင်းဘာဂနာ ANP ခေါင်းဆောင်များနှင့် တွေ့ဆုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 8.4k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလို်င် ၁ဝ/၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယနေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရောက်ရှိလာသည့် ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်း ဘာဂနာသည် ရောက်ပြီး အချိန်ပိုင်းအနည်းငယ်အတွင်း ရခိုင်အမျိုးသားပါတီ ( ANP) ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။

ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်သို့သွားရောက်ကာ ပါတီထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၏ လက်ရှိကြုံတွေ့နေရသည့် အနေအထား၊ ရခိုင်ပြည်သူများ၏ ထိခိုက်နစ်နာနေမှုများနှင့် လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ANP ၏ သဘောထားတို့ကို မေးမြန်းခဲ့ကြောင်း သိရသည်။

ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်းဘာဂနာနှင့်တွေ့ဆုံရာတွင် ပါဝင်သည့် ANP ပါတီမူဝါဒ ရေးရာကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က "ကျမတို့ဘက်ကတော့ အခုလတ်တလောအနေအထားကတော့ အဆိုးဆုံး အခြေအနေကို ရောက်နေတယ်။ အထူးသဖြင့် မိုးရာသီ ဆိုတော့ စစ်ဘေးရှောင်တွေဟာ စခန်းတွေမှာ နေရတယ်။ နောက် ဒီလောက် လယ်ယာလုပ်ကိုင်ရမယ့်အချိန်မှာ လယ်မထွန်နိုင်တဲ့ အနေအထားကို ရောက်နေတယ်။ ပြီးရင် ကူညီထောက်ပံ့မှုကလည်း နည်းပါးတဲ့အတွက် စားဝတ်နေရေးတွေကအစ တအားကို အခက်အခဲ ကြုံတွေ့နေရတယ်။ အထူးသဖြင့် ညမထွက်အမိန့် ၁၄၄ ထုတ်ထားတဲ့ မြို့နယ်တွေ၊ အင်တာနက်ပိတ်ထားတဲ့ မြို့နယ်တွေတောင်မက မပိတ်ထားတဲ့မြို့နယ်တွေမှာလည်း လွတ်လပ်စွာ နေရာတကာကို သွားလာခွင့် မရအောင်အထိ အခက်အခဲတွေ ဖြစ်နေကြတယ်ဆိုတဲ့ အနေအထားတွေကို ကျမတို့ အဓိကထားပြီး တင်ပြတယ်” ဟု ပြောသည်။ 

၎င်းပြင် ကျေးလက်ရခိုင်ပြည်သူများ၏ လက်ရှိရင်ဆိုင်နေရသည့် အနေအထားများကိုလည်း ပြောပြဖြစ်ခဲ့သည်ဟု ဆိုသည်။

“ နောက် လူသူတွေရဲ့ သွားလာမှုတွေအခက်အခဲအနှောင့်အယှက်နဲ့ တောတက်သွားလို့မရ၊ တောင်တက်သွားလို့မရ၊ ကုန်သွယ် စီးဆင်းမှုက အစ ရပ်နားနေတယ်။ စျေးဆိုင်တွေ ပိတ်ထားရတယ်ဆိုတဲ့ အနေအထား တွေကို ကျမတို့က တင်ပြပါတယ်” ဟု ပြောဆိုသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် မြို့နယ် တစ်ချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်အောင် ပဋိပက္ခ ပိုမိုကြီးထွားအောင်လုပ်နေသည့် အနေအထားမျိုးကို မြင်တွေ့နေရသည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ လူအများရဲ့သုံးသပ်ချက်နဲ့ အခုဖြစ်နေတဲ့ အနေအထားအရဆိုရင် အခု အင်တာနက်ပိတ်ထားတဲ့၊ ၁၄၄ ထုတ်ထားတဲ့ နယ်မြေတွေကို ရွေးကောက်ပွဲကျင်းပလို့ မရအောင်၊ ဒီပဋိပက္ခတွေ ပိုပြီးတော့ ဖြစ်နေအောင် လုပ်နေတဲ့အနေအထားကို တွေ့မြင်နေရတယ်ဆိုတာကို ကျမတို့ဘက် တင်ပြပါတယ်။ အထူးသဖြင့် လက်ရှိအစိုးရ NLD ၊ USDP တို့ ခေတ်ကတည်းကကို ရခိုင်ပြည် မြောက်ပိုင်းကို ရွေးကောက်ပွဲအားဖြင့် အနိုင်မရတာတွေဟာ အခုဆိုရင် ရခိုင်ပြည်တောင်ပိုင်းကို ဖိပြီးတော့ စည်းရုံးရေးဆင်းနေတာတွေ၊ နောက် ပြည်နယ်လွှတ်တော်မှာ ဘက်ဂျက်ခွဲဝေမှုတွေမှာ ၉ ထောင်နဲ့ ၃ ထောင်အထိ ကွာဟမှုတွေဟာ တစ်နည်းအားဖြင့် နိုင်ငံတော်ဘဏ္ဍာငွေနဲ့ လူထုတွေကို ရွေးကောက်ပွဲအတွက် အသုံးချပြီးတော့ စည်းရုံးနေတဲ့ အနေအထားမျိုးတွေကို မြင်ရတယ်။ ဒီဘက်မှာ ရွေးကောက်ပွဲမဖြစ်လေ ကောင်းလေ၊ မဖြစ်ဖို့ များလေဆိုတဲ့ အသံတွေကို တအားကြီး ထုတ်နေတာတွေဆိုတာကိုတွေ့နေရတယ်ဆိုတာတွေကိုတော့ ကျမတို့အနေနဲ့ တင်ပြခဲ့ပါတယ် "ဟု ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်းဘာဂနာနှင့်တွေ့ဆုံရာတွင် ပါဝင်သည့် ANP ပါတီမူဝါဒရေးရာကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

မစ္စ ခရစ်စတင်းဘာဂနာအနေဖြင့် ANP ၏ တင်ပြချက်များကို အစိုးရ ခေါင်းဆောင်များအပါအဝင် တပ်မတော် ခေါင်းဆောင်များနှင့်တွေ့သည့် အခါ တင်ပြပေးသွားမည်ဟုကတိပေးပြောဆိုခဲ့ကြောင်းလည်း သိရသည်။

မစ္စ ခရစ်စတင်းဘာဂနာ၏ ရခိုင်ပြည်နယ်ခရီးစဉ်သည် ၂ ရက် ကြာမြင့်မည်ဖြစ်ပြီး တိုက်ပွဲများကြောင့် စစ်တွေမြို့သို့ို ထွက်ပြေး ရောက်ရှိနေသည့် စစ်ဘေးဒုက္ခသည်များအပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိပြီး ဇူလိုင်လ ၁၁ ရက်နေ့တွင် မြေပုံမြို့ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းသို့လည်း သွားရောက်တွေ့ဆုံရန်ရှိကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ