သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ပန်းမြောင်းကြီးချောင်းတစ်လျှောက်ရေကြီး၊ ကျေးရွာအများအပြားရေစတင်နစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4.9k

နိရဥ္စရာ၊ ဇူလိူင် ၁ဝ/ ၂ဝ၁၉

မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေတက်လာသဖြင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကြီးချောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ရေစတင်နစ်နေပြီဟု သိရသည်။

 ပြင်ယောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က “ ရေက ၄ ပေလောက်နစ်နေပါပြီ။ မိုးအဆက်မပြတ်ရွာတော့ ဒီနေ့ကစပြီး ရေများလာပါတယ်။ ရွာကလူတွေတော့ လောလောဆယ် မြင့်တဲ့ အိမ်တွေမှာနေနေကြပါတယ်။ ဒီထက်ရေတက်လာရင်တော့ အနီးအနားရှိ တောင်တွေကို ပြောင်းရွှေ့ဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။

 အဆိုပါ ကျေးရွာအနီးတဝှိုက်တွင် လွန်ခဲ့သည့် ရက်အနည်းက တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် လက်လုပ် လက်စားများ ရှာဖွေစားသောက်ရန် အခက်အခဲဖြစ်ခဲ့ကြပြီး ထပ်မံ၍ ရေကြီးလာသဖြင့် များစွာအခက်အခဲကြုံနေကြရသည်ဟု ပြောကြားသည်။

 “ ရွာတွေမှာ လက်လုပ်လက်စားတွေ အထူးအခက်အခဲဖြစ်နေကြပါပြီ။ ဆန်မရှိကြတော့ဘူး။ အလုပ်လည်း လုပ်လို့မရဘူး။ လယ်တွေလည်း မထွန်ကြရဘူး။ တော်တော်အခက်အခဲရှိနေကြပါတယ်”ဟု ပြင်ယောင်း အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

 ယခုရေစတင် နစ်နေသည့် ကျေးရွာများမှာ ပန်းမြောင်းကြီးချောင်းတစ်လျှောက်ရှိ  ရွှေကျင်၊ ဒိုင်းသား၊ ခွဆုံ၊ ထိန်ပင်၊ ငတာ၊ ပွဲရကံဆိပ်၊ အိုးပျဉ်တောင်၊ ပြင်ယောင်း၊ မင်းဖူးတို့ ဖြစ်ကြပြီး ချောင်း၏ အောက်ဖက်တွင် ကပ်ပဲ၊ ပုလဲတောင်၊ သာစည်၊ ဝါးတောင်စသည့် ကျေးရွာများ ဖြစ်ကြသည်ဟု ပြောဆိုသည်။

 အိုးပျဉ်တောင် အုပ်ချုပ်ရေးမှူး ဦးကျန်လူက “ ရေတော့တက်နေပြီ။ ရွာထဲကို ၂ ပေ၊ ၃ ပေ ဝင်နေပါပြီ။ ဘုန်းကြီးကျောင်းအောက်ကိုလည်း ရေရောက်နေပါပြီ။ မိုးအဆက်မပြတ်ရွာတော့ ရေဆက်တက်လာမှာကို စိုးရိမ်နေရပါတယ်” ဟု ပြောကြားသည်။

 မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ အုပ်ချုပ်ရေးမှူး နေမကောင်းသဖြင့် တာဝန်ရှိသူက ဖြေကြားရာတွင် ရေတက်နေသည်မှာ မှန်ကန်သော်လည်း ပုံမှန်အနေအထားတွင်သာရှိသည်ဟု သတင်းရရှိကြောင်း၊ စိုးရိမ်ရေမှတ်သို့ ရောက်လာပါက အကြောင်းကြားရန် ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ မှာကြားထားကြောင်း၊ ရေကြီးလာပါကလည်း ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း၊ လမ်းများတွင် ရေနစ်နေသည်ဟုလည်း ကြားသိရကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ