အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

စင်္ကာပူမှ ပြန်ပို့ခံရသူ ကိုတင်လိူင်ဦး နေပြည်တော်တွင် ဖမ်းဆီးခံထားရကြောင်း မိသားစုများပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 5.3k

နိရဥ္စရာ၊ ဇူလိူင် ၁၂/ ၂ဝ၁၉

စင်္ကာပူနိုင်ငံတွင် ဖမ်းဆီးခံရပြီး ဇူလိူင်လ ၁ဝ ရက်နေ့ ညနေက မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူ ကိုတင်လိူင်ဦးကို နေပြည်တော်တွင် ဖမ်းဆီး စစ်ဆေးနေသည်ဟု သတင်းရရှိကြောင်း မိသားစုများက ပြောသည်။

“ ကျွန်တော်တို့ ကြားတာက နေပြည့်တော် ဒက္ခိဏသီရိမြို့နယ် ရဲစခန်းမှာရှိနေတယ်လို့ သိရပါတယ်။ နောက်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မေကြီးလည်း အတူပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကြားရတာဆိုတော့ အသေအချာတော့ မပြောနိုင်ဘူး” ဟု ကိုတင်လိူင်ဦး၏ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

ကိုတင်လိူင်ဦးသည် ရန်ကုန်မှ နေပြည်တော်သို့ အသွားလမ်းတွင် ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

“ သူက ရန်ကုန်ကနေ နေပြည်တော်သို့ အသွား ကားလမ်းပေါ်မှာ အဖမ်းခံရတာပါ။ မှတ်ပုံတင်စစ်ဆေးပြီး ခေါ်သွားတယ်လို့ သိရပါတယ်။ နေပြည်တော်ကို စရောက်သွားတုန်း ရဲစခန်းမှာရှိစဉ် ဖုန်းဆက်သွယ် နှစ်ကြိမ်ရပါတယ်။ နောက်ပိုင်းတော့ မရလိုက်တော့ပါဘူး” ဟု ပြောသည်။

လောလောဆယ်တွင် ဘာမှ ထူးခြားသတင်းမရရှိသေးဟု ဆိုသည်။

စင်္ကာပူရှိ ရခိုင်စင်္ကာပူအသင်းမှ အဖွဲ့ဝင်တစ်ဦးသို့ ဆက်သွယ်ရာ စင်္ကာပူမှ ၄ ဦးပြန်ပို့ခံရသည်ဟု သတင်းရရှိသော်လည်း အသေးစိတ် သတင်း အချက်အလက်များမရရှိကြောင်း ပြောဆိုသည်။

“ ၄ ဦးပြန်ပို့ခံရတယ်လို့ သတင်းရတယ်။ နေပြည်တော်မှာ ကိုတင်လိူင်ဦးနဲ့ မေကြီးတော့ အဖမ်းခံရတယ်လို့ သတင်းရပါတယ်။ ကျန်တာတွေက ဘာမှ သတင်းမရဘဲ ဖြစ်နေပါတယ်။ ကိုအောင်မြတ်ကျော်တို့ နှစ်ယောက်ကို ဇူလိူင် ၉ ရက်နေ့က ဖမ်းဆီးတဲ့ အခါမှာ စင်္ကာပူရဲက ပြောတာက ခင်ဗျားတို့ အသံကျယ်တယ်။ မြန်မာအစိုးရဖိအားကြောင့် ဖမ်းရတယ်လို့ ပြောဆိုသွားပါတယ်။ ဒါလောက်ဘဲ သတင်းသိရတယ်။ ကျန်တာ ဘာမှ အခုအချိန်ထိ မသိရသေးဘူး” ဟု ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်ဒက္ခိဏသီရိ ရဲစခန်းသို့ ယနေ့ နံနက်က နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ရာ သူတို့ဆီတွင် ဖမ်းဆီးထား၍ မရှိကြောင်း၊ သူတို့နှင့် ပတ်သက်ပြီး သတင်းလည်း မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆက်စပ် သတင်းများ