ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်စစ်ဆင်ရေးကိုင်တွယ်နေသည့် ကစထမှူး အပြောင်းအလဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 2.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇူလိူင် ၁၂/ ၂ဝ၁၉

ရခိုင်စစ်ဆင်ရေးကို ကိုင်တွယ်ဆောင်ရွက်နေသည့် မြန်မာတပ်မတော်မှ အမှတ် ၃စစ်ဆင်ရေးအထူး (ကစထ- ၃) ကွပ်ကဲရေးမှူး အပြောင်းအလဲဖြစ်သည်ဟု သတင်းရရှိသည်။

စစ်တွေမြို့တွင် ရခိုင်စစ်ဆင်ရေးအား ကွပ်ကဲနေသူမှာ  ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းဖြစ်ပြီး ၎င်း၏နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိ်န်ကို ပြောင်းလဲတာဝန်ပေးလိုက်သည်ဟု သိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းသို့ နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်ရာ ၎င်းအပြောင်းအလဲမှာ မှန်ကန်ပြီး ပုံမှန်အပြောင်းအလဲသာ ဖြစ်ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ အဓိက ပုံမှန် Schedule ပါဘဲ။ ကထစ ၃ ရခိုင်ပြည်နယ်ဘက်ကို ကိုင်တဲ့ ကထစ ၃ မှူးက အရင်က ဗိုလ်ချုပ်ကြီးအေးဝင်း၊ ဗိုလ်ချုပ်ကြီးအေးဝင်းနေရာကို ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဝင်တာရှိပါတယ်။ ဗိုလ်ချုပ်ကြီးအေးဝင်းက စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် ဌာနမှူး တာဝန် ပြန်ထမ်းဆောင်မှာ ဖြစ်ပါတယ်ခင်ဗျာ” ဟု ပြောဆိုသည်။

ယခု အပြောင်းအလဲနှင့် ပတ်သက်ပြီး နေပြည်တော်မှ စစ်ရေး အကဲခတ်တစ်ဦးအား ဆက်သွယ်မေးကြည့်ရာ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်မှာ ဗိုလ်ချုပ်ကြီး အေးဝင်းထက် တိုက်ရေးခိုက်ရေးဘက်ကို အားသာသူဖြစ်ကြောင်း ပြောဆိုပြီး စစ်ရေးအရှိန်တိုးမြှင့်ရန် ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု သုံးသပ် ပြောကြားသည်။

၎င်းသုံးသပ်ချက်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းသို့ ဆက်လက်မေးမြန်းရာ သူက “ ဒါကမဟုတ်ပါဘူး။ အဲဒါနဲ့ မဆိုင်ပါဘူး။ သူတို့တွေ အပါအဝင် တိုင်းမှူးတွေက လုပ်နေကျပါ။ သူတို့ကပုံမှန် လုပ်နေကျပါ။ သူက နယ်မြေ ဒေသတစ်ခု ကျွမ်းကျင်မှု ရသွားတယ်ဆိုရင်လည်း အတွေ့အကြုံရအောင် အပြောင်းအလဲ လုပ်တဲ့ဟာတွေရှိပါတယ်။ ကထစမှူးတွေ နယ်မြေဒေသ ကျွမ်းကျင်အောင် အလှည့်ကျ ခန့်ထားတာမျိုးတော့ရှိပါတယ်။ နယ်မြေဒေသ တစ်ခု ပြီးပီဆိုရင် နောက်နယ်မြေဒေသတစ်ခုကို ပြောင်းလဲခန့်ထားတဲ့ ဟာရှိပါတယ်။ အဲဒီအစီအစဉ်ပါဘဲ။ ကျန်တဲ့ အစီအစဉ်မရှိပါဘူး” ဟု ပြောကြားသည်။ 

အမှတ် ၃ စစ်ဆင်ရေးအထူး (ကစထ- ၃) စစ်တိုင်း ၃ ခုပါဝင်ပြီး ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းကြီး ၃ တိုင်း ပါဝင်သည်ဟု သိရသည်။

ကထစ(၃) သည် ရက္ခိုင်တပ်တော် (AA)နှင့်  မြန်မာတပ်မတော်တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားသည့် အချိန်မှ စပြီး  ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရုံးထိုင်ပြီး စစ်ဆင်ရေးကိုကွပ်ကဲနေသည်ဟု သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း မတိုင်ခင်က အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ- ၃) တာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောက တာဝန်ယူခဲ့ပြီး ၎င်း အရေးယူခံရပြီးနောက် ၂ဝ၁၈ ခုနှစ် နှစ်လယ်လောက်မှ စပြီး ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းက ကစထ-၃ ကစထမှူး တာဝန်ကို လွှဲပြောင်းရယူခဲ့သည်ဟု သိရှိရသည်။

ထိုသို့ တာဝန်လွှဲပြောင်းယူပြီး တစ်နှစ်ကျော်အကြာတွင် ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်းကို တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ဌာနမှူး အဖြစ် ပြောင်းလဲခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာတပ်မတော်နှင့် နီးစပ်သူများကို ကိုးကားပြီး ဘီဘီစီ (မြန်မာပိုင်း)တွင် သတင်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ