Preview

ပန်းမြောင်းကြီးချောင်းတစ်လျှောက်ရေနစ်၍ ရွာသားများကို စတင်ပြောင်းရွှေ့

ဇူလိုင် ၁၂/ ၂၀၁၉ | ကြည့်ရှုသူ :5072
ရခိုင် သတင်း


ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇူလိူင် ၁၂/ ၂၀၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်ကြီး ချောင်းတစ်လျှောက်တွင် ချောင်းရေဆက်တက်နေသဖြင့် ကျေးရွာများမှာ ရေနစ်နေပြီး ရွာသားများကို ပြောင်းရွှေ့နေကြရသည်ဟု သတင်းရရှိသည်။

အိုးပျဉ်တောင် အုပ်ချုပ်ရေးမှူး ဦးကျန်လူက “ ကျွန်တော်တို့ရွာမှာ လောလောဆယ် ပြောင်းရွှေ့၇တဲ့ မိသားစုက ၆၀၊ လူဦးရေက ၂၆၃ ယောက်ပါ။ အိမ်တွေရေမြုပ်လို့ ထွက်ပြေးနေကြရတယ်။ တောင်တွေနဲ့ အိမ်မြင့်တဲ့ နေရာတွေကို ထွက်ပြေးကြတာပါ” ဟု ပြောကြားသည်။

အိုးပျဉ်တောင်တွင် အိမ်ခြေ ၂၅၆ ဆောင်၊ လူဦးရေ ၁၄၀၀ ကျော်ရှိပြီး ရွာနိမ့်ပိုင်းတွင် ရေ ၆ ပေထိ တက်နေပြီး ကုန်းမြင့်ပိုင်းတွင် ၃ ပေထိ မြင့်တက်နေကြောင်း သူက ပြောကြားသည်။

ပြင်ယောင်းရွာသို့ ဆက်သွယ်ရာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က “ အခြေအနေက အရမ်းဆိုးနေပြီ။ ရွာထဲမှာ ရေ ၃ ပေကနေ ၄ ပေထိ တက်နေပါပြီ။ အိမ်နိမ့်တဲ့လူတွေက အိမ်မြင့်ကို ပြောင်းရွှေ့နေကြပြီ” ဟု ပြောကြားသည်။

ပြင်ယောင်းရွာအနီးတွင် လွန်ခဲ့သော ရက်အနည်းငယ်ခန့် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ကျေးရွာမှ လက်လုပ်လက်စားများမှာ တောတောင်ကို တက်၍ အလုပ် မလုပ်နိုင်ဘဲ ဖြစ်နေချိန်တွင် ထပ်မံ ရေကြီးလာ၍ များစွာ အခက်အခဲဖြစ်နေကြသည်ဟု ပြင်ယောင်းရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။

“ အခက်အခဲ ဖြစ်နေကြပါပြီ။ အခုလူတွေက စားနပ်ရိက္ခာတွေလည်း အလုံးအလောက်မရှိပါဘူး။ လူတိုင်းအခက်အခဲရှိနေကြပါတယ်။ တိုက်ပွဲ ဖြစ်တုန်းကကလည်း သူတို့က တောတောင်တွေကို တက်လုပ်စားလို့မရဘူး။ အခုတစ်ခါ ရေနစ်တော့အခက်အခဲ အများကြီး ဖြစ်နေကြပါတယ်။ ရွာက ဆန်စက်လည်း ရေနစ်နေတော့ ကြိတ်လို့မရဘူး။ စားဝတ်နေရေး အကုန်လုံး အခက်အခဲဖြစ်နေကြပါတယ်” ဟု ၎င်းအမျိုးသမီးက  ပြောကြားသည်။

ကပ်ပဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှချေက “ နိမ့်တဲ့နေရာမှာ ရေအမြင့် ၆ ပေထိ တက်နေပြီး နိမ့်တဲ့နေရာမှ ၄ ပေလောက်ထိ နစ်နေပါတယ်။ ရွာသား ၈၀၀ လောက်ရှိရာမှာ ခိုလှုံနေ၇တဲ့ လူက ၂၀၀ ကျော်သွားပါပြီ။ နောက်လူတွေ မြင့်တဲ့ အိမ်တွေမှာတက်နေကြပါတယ်။ ဒီထက် မြင့်လာရင်တော့ ဘုန်းတော်ကြီးကျောင်းကိုဘဲ တက်ပြေးရမှာပါ” ဟု ပြောကြားသည်။

မိုးမှာဆက်လက်ရွာသွန်းနေပြီး ဒီရေလည်း တက်နေသဖြင့် ရေမှာဆက်လက်ကြီးနိုင်ကြောင်း၊ အကူအညီများလည်း လိုအပ်နေကြောင်း ၎င်းက ပြောကြားသည်။

ယခုရေနစ်နေသည့် ကျေးရွာများမှာ ပန်းမြောင်းကြီးချောင်းတစ်လျှောက်ရှိ  ရွှေကျင်၊ ဒိုင်းသား၊ ခွဆုံ၊ ထိန်ပင်၊ ငတာ၊ ပွဲရကံဆိပ်၊ အိုးပျဉ်တောင်၊ ပြင်ယောင်း၊ မင်းဖူး၊  ကပ်ပဲ၊ ပုလဲတောင်၊ သာစည်၊ ဝါးတောင်စသည့် ကျေးရွာများ ဖြစ်ကြသည်ဟု ပြောဆိုသည်။

ရေကြီးမှုနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဖုန်းရိန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိသဖြင့် အာဏာပိုင်များ၏ အတည်ပြုချက်ကို တင်ပြနိုင်ခြင်း မရှိသေးပါ။


(မင်းပြားမြို့ပေါ်တွင် ရေကြီးနေပုံ/ ဓာတ်ပုံ- စိုးမိုးကျော်)

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.