သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စင်္ကာပူမှ မြန်မာသို့ ပြန်ပို့ခံရသည့် ရခိုင်အမျိုးသား ၆ဦးဖမ်းဆီးထိန်းသိမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 1.2k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇူလိူင် ၁၂/ ၂ဝ၁၉

စင်္ကာပူအစိုးရမှ မြန်မာသို့ ပြန်ပို့ခံရသည့် ရခိုင်စင်္ကာပူ အသင်းဥက္ကဋ္ဌ အပါအဝင် ရခိုင်အမျိုးသား ၆ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်သည်ဟု သတင်းရရှိသည်။

ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က “ ပထမ သုံးယောက်လာတယ်။ ဒုဥက္ကဋ္ဌဖြစ်တဲ့ မမေကြီး(ခ) မအေးမြတ်မွန်၊ ကိုတင်လိူင်ဦး၊ သူတို့ကတော့ ပထမဆုံး အဖမ်းခံခဲ့ရတာပေါ့နော်။ ခရီးသွားရင်းနဲ့ ပထမဆုံး ထိန်းသိမ်းခံခဲ့ရတယ်လို့ ကျွန်တော်တို့ ကြားသိပါတာပေါ့နော်။ နောက်ထပ် တစ်ခါ အဖမ်းခံရတာက ရခိုင်စင်္ကာပူအသင်း ဥက္ကဋ္ဌ ကိုဟိန်းဇော်၊ နောက်တစ်ခါ ကိုအောင်မြတ်ကျော်နဲ့ ကိုအေးထွန်းပေါ့နော်။ နောက်တစ်ခါ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲကျော်ထက်ပေါ့နော်။ သူတို့ဖမ်းဆီးခံခဲ့ရတယ်။ အခု လက်ရှိ ကျွန်တော်တို့  ကြားသိရသလောက်။ ဒါကို သတင်းရဲတပ်ဖွဲ့က လွဲပြောင်း ရယူထားတယ်လို့ ကြားတယ်” ဟု ပြောကြားသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ယခုအချိန်ထိ ရှင်းရှင်းလင်း မသိရသေးကြောင်း၊ သူတို့အနေဖြင့် ဥပဒေနှင့် အညီ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ စုံစမ်းစစ်ဆေးတာတို့ မလုပ်ဘဲနဲ့ မတော်တဆဖြစ်မှုများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ကိုတင်ထူးအောင်က ပြောကြားသည်။

ရခိုင်(စင်္ကာပူ)အသင်းဥက္ကဋ္ဌ ဦးဟိန်းဇော်အား ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲက  မြန်မာအမျိုးသားလေကြောင်းဖြင့်  ရန်ကုန် လေဆိပ်သို့ အရောက်တွင်  သတင်းတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပြီး ၎င်းနေ့ ည ၁၁ နာရီခန့်တွင် ရခိုင်(စင်္ကာပူ)အသင်းမှ AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီကိုအောင်မြတ်ကျော်နှင့် ဦးထွန်းအေး တို့သည် စင်္ကာပူနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိလာစဉ် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီး ထိန်းသိမ်းလိုက်သည်ဟု သိရကြောင်း ၎င်းက ပြောကြားသည်။ 

အလားတူ ဇူလိုင်လ ၁၁ ရက်နေ့တွင်ပင် ရခိုင်(စင်္ကာပူ)အသင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲကျော်ထက်အား စမ်းချောင်းမြို့နယ် ကျွန်းတော(တောင်)ရပ်ကွက်၊ မအူပင်လမ်းနေအိမ်မှ သတင်းတပ်ဖွဲ့က စစ်ဆေးရန် ထိန်းသိမ်းခဲ့သည်ဟု သိရသည်။

ရခိုင်စင်္ကာပူအသင်း ဒုဥက္ကဋ္ဌ မမေကြီး(ခ) မအေးမြတ်မွန်နှင့် ကိုတင်လိူင်ဦး တို့အား ဇူလိူင် ရန်ကုန်-မန္တလေး အမြန်လမ်း ၂ဝ၁ မိုင်တိုးဂိတ်တွင် ဖမ်ဆီး ထိန်းသိမ်းခံခဲ့ရသည်။

ကိုတင်လိူင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးထွန်းတင် (အထပြ- ငြိမ်း) က “ ကျွန်တော်ကြားရတာက နေပြည်တော် ဒက္ခိဏ သီရိရဲစခန်းမှာ ဖမ်းထားတယ်လို့ ကြားရတယ်။ ကျွန်တော်ဆီကိုတော့ ဘယ်ရဲဌာနကမှ တရားဝင်အကြောင်းကြားတာ မရှိဘူး။ ကျွန်တော်က ကျောင်းဆရာ အငြိမ်းစားတစ်ဦးဖြစ်ပြီး အသက်အရွယ်လည်း ကြီးရင့်နေတာကြောင့် သူ့အတွက် အထူးစိုးရိမ်နေပါတယ်” ဟု ပြောကြားသည်။

သူ့သား၏ အမှုအား ဥပဒေကြောင်းအရ ရင်ဆိုင်ရန် တတ်သိနားလည်သူများနှင့် တိုင်ပင်နေကြောင်း ၎င်းက ပြောကြားသည်။

ယခု အဖမ်းအဆီးနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ကို ဆက်သွယ်ရာ သူတို့အနေဖြင့် တိတိကျကျ မသိရသေးကြောင်း ပြောဆိုသည်။

နေပြည်တော် ဒက္ခိဏသီရိ ရဲစခန်းသို့ ဆက်သွယ်ရာတွင်လည်း  သူတို့ဆီတွင် ထိုသို့ စင်္ကာပူမှ ပြန်ပို့သူများကို ဖမ်းဆီးထားခြင်း မရှိကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ