အမေရိကန်နှင့်ဂျပန်ရှိ စင်္ကာပူသံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြကြမည်


နိရဥ္စရာ၊ ဇူလိူင် ၁၃/ ၂ဝ၁၉

စင်္ကာပူနိုင်ငံမှ ရခိုင်စင်္ကာပူအသင်း အဖွဲ့ဝင် ၆ ဦးအား ဖမ်းဆီး ပြန်ပို့ခြင်းအပါအဝင် ၎င်းတို့နှင့် ပတ်သက်ပြီး စင်္ကာပူနိုင်ငံမှ ထုတ်ပြန်သော ကြေညာချက်ကို လက်မခံနိုင်သဖြင့် အမေရိကန်နှင့် ဂျပန်ရှိ ရခိုင်လူမျိုးများအနေဖြင့် ကန့်ကွက်ဆန္ဒပြကြမည်ဟု သတင်းရရှိသည်။

အမေရိကန်နိုင်ငံတွင် ဆန္ဒပြကန့်ကွက်မှုကို ဇူလိူင် ၁၅ ရက် နံနက် ၁၁ နာရီတွင် ဝါရှင်တန်ဒီစီရှိ စင်္ကာပူသံရုံးရှေ့တွင် ပြုလုပ်ကြမည်ဖြစ်ပြီး မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာသံရုံးရှေ့တွင် ပြုလုပ်ကြမည်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားနေသူ အမေရိကန်ရောက် ကိုခိုင်ဇော်က နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ကျွန်တော်တို့ အချက် ၃ ချက်ကိုတောင်းဆိုဆန္ဒပြသွားမှာ ဖြစ်ပါတယ်။ အဓိက စင်္ကာပူရှိတဲ့ ရခိုင်အမျိုးသားတွေကို မတော်မတရားဖမ်းဆီးပြီး မြန်မာအစိုးရဆီကို ပြန်ပို့တဲ့ကိစ္စ၊ ဒုတိယ အချက်က စင်္ကာပူအစိုးရ ထုတ်ပြန်ထားချက်တွေ မြေပြင်ဖြစ်နေတာနဲ့ လုံးဝ ကွဲလွဲနေတဲ့ကိစ္စ၊ နောက်တစ်ခုက စင်္ကာပူအစိုးရအနေနဲ့မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စ၊ ဒီကိစ္စ သုံးရပ် အပေါ်မှာ ဦးတည်ပြီး ပြသွားမှာဖြစ်ပါတယ်။ အမေရိကန်ရောက် ရခိုင်လူမျိုးတွေအားလုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း နိုးဆော်ထားပါတယ်” ဟု ကိုခိုင်ဇော်က ပြောကြားသည်။   

အလားတူ ကန့်ကွက်ဆန္ဒပြပွဲတစ်ခုကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စင်္ကာပူ သံရုံးရှေ့တွင် ဇူလိူင် ၁၇ ရက် မွန်းလွဲ ၃ နာရီ ၃ဝ မိနစ်မှ ၄ နာရီ ၄ဝ မိနစ်ထိ ရက္ခိုင်လူငယ်များအစည်းအရုံးမှ ဦးဆောင် ပြုလုပ် သွားမည်ဟု ၎င်းအဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Share: