Preview

ပလက်၀မြို့ရေမြုပ်၊ မြေနိမ့်ပိုင်းမှ မိသားစုများဘေးလွှတ်ရာသို့ ပြောင်းရွှေ့

ဇူလိုင် ၁၃/ ၂၀၁၉ | ကြည့်ရှုသူ :4865
ရခိုင် သတင်း

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ ဇူလိူင် ၁၃/၂၀၁၉

မိုးအဆက်မပြတ်ရွာသွန်းပြီး ကုလားတန်မြစ်ရေကြီးနေသဖြင့် ချင်းပြည်နယ်၊ ပလက်၀မြို့တွင် ရပ်ကွက် ၃ ခုစလုံး ရေနစ်မြုပ်နေပြီး မြေနိမ့်ပိုင်းမှ ဒေသခံများကို ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့နေရပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပလက်၀မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က “ ရပ်ကွက် ၃ ခုလုံ ရေမြုပ်နေပါပြီ။ ပြောင်းရွှေ့ရတာက လူဦးရေ ၆၀၀ ကျော်လောက် ပြောင်းရွှေ့နေရပါပြီ။ အဓိကတော့ မြေနိမ့်ပိုင်းက မိသားစုတွေက နီးစပ်ရာကုန်းမြင့်ပိုင်းက ဆွေမျိုးသားချင်းတွေ နေအိမ်တွေကို ပြောင်းရွှေ့ကြရတယ်။ လက်ရှိအခက်အခဲတော့ ရှိနေပါပြီ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ယခုတက်နေသော ရေမှာ စိုးရိမ်ရေမှတ် ၁၆၀၀ စင်တီမီတာကို မကျော်လွန်သေးသော်လည်း ၁၄၂၂ စင်တီမီတာထိ ရောက်ရှိနေပြီဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ပလက်၀ ဒေသခံ တစ်ဦးက “ ရေတွေက ဟိုတစ်နေ့ကစပြီး တက်လာတယ်။ အခု ရပ်ကွက်တွေက အိမ်တော်တော်များ မြုပ်နေပါပြီ။  အိမ်ခေါင်းမိုး ကွက်ကွက်လေး ကျန်နေတဲ့ထိ မြုပ်နေတာတွေလည်း ရှိနေပါတယ်။ တော်တော် ဆိုးဆိုးရွားရွား ဖြစ်နေပါပြီ။ တောင်ကျရေတွေကလည်း များလာတော့ ရေက အများကြီးရေတက်လာတယ်။ ရေက မြစ်ကမ်းမြေနိမ့်ပိုင်းမှာဆိုရင်  ၁၅ ပေထိ ရှိနေပြီ။ အိမ်က ၁၀၀ ကျော် ၂၀၀ နီးပါး နစ်မြုပ်နေပါပြီ”ဟု ပြောကြားသည်။

အိမ်များ နစ်မြုပ်နေသော ရပ်ကွက်များမှာ မြို့မရပ်ကွက်၊ သာယာ၀၊ ပလုတ်တောင်၊ သင်္ဘောဆိပ်ရပ်ကွက်၊ ရိက္ခာရပ်ကွက်တို့ဖြစ်ကြကြောင်း၊ လူများကို ကုန်းမြင့်ရှိ အဆောင်များ၊ နေအိမ်များသို့ ပြောင်းရွှေ့နေကြရသည်ဟု ဆိုသည်။

တစ်ခြားဒေသခံ တစ်ဦးကလည်း မြစ်နားတန်းတစ်လျှောက်ရှိ အိမ်များနစ်မြုပ်နေပြီး ဈေးဆိုင်းတန်းများလည်း အကုန်လုံးနစ်မြုပ်သွာပြီ ဖြစ်ကြောင်း၊ မိုးမရပ်ပါက အခြေအနေ ယခုထက် ပိုဆိုးနိုင်ကြောင်း ပြောကြားသည်။

(အယ်ဒီတာစကား- ယခုနှစ် ပလက်၀တွင် ရေကြီးနေသော်လည်း အင်တာနက်လိုင်းပိတ်ခံထားရသဖြင့် ဓာတ်ပုံများ ပို့ပေးရန် အခက်အခဲရှိ၍ ယမန်နှစ် ရေကြီးစဉ်က ရိုက်ထားသော ဓာတ်ပုံအား ဖော်ပြလိုက်၇ပါသည်။)

#ရေဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.