သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိူင် ၁၄/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာအနီး ဇူလိူင် ၁၃ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် လူနေအိမ်တစ်ချို့ မီးရှို့ခံခဲ့ရသည်ဟု ဒေသခံ ကျေးရွာသားများက ပြောသည်။
ယမန်နေ့ နေ့လယ် ၂ နာရီခန့်က နွားရုံတောင်ကျေးရွာ အရှေ့ဘက် တစ်မိုင်ခန့် အကွာ တောင်တန်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော် AAတို့ အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် မီးရှို့ ခံခဲ့ရသည်ဟု ပြောဆိုသည်။
“ ကျွန်တော်တို့က တိုက်ပွဲ ဖြစ်ပွားတဲ့အတွက် ရွာကိုစွန့်ခွာထွက်ပြေး ကြပါတယ်။ ရွာပြင်ကနေ လှမ်းကြည့်တော့ အိမ်တွေ မီးလောင်နေတာကို မြင်ရပါတယ်။ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်တပ်က ရွာကို သေနတ်တွေ ပစ်ပြီး ဝင်လာပါတယ်။ နာရီဝက်ခန့် အကြာမှာ မီးခိုးလုံးတွေ တက်လာတာကို မြင်ရပါတယ်။ သုံးလေးဆောင် လောက်တော့ ပါသွားတယ်လို့ ထင်ပါတယ်။ ရွာအနီးမှာတိုက်ပွဲဖြစ်လို့ မီးရှို့တယ်လို့ ထင်ပါတယ်” ဟု ရွာသား တစ်ဦးက ပြောကြားသည်။
နွားရုံတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံထွန်းကျော်က “ ညနေ ၄နာရီ လောက်မှာ စစ်တပ်က သေနတ်နဲ့ ပစ်ပြီး ရွာထဲသို့ ဝင်လာတယ်။ ရွာသားတွေက ကြောက်ပြီး ထွက်ပြေးကြတယ်။ ၄ နာရီ ကျော် လောက်မှာ ရွာကိုမီးရှို့တာ၊ မီးခိုးထွက်တာကို ရွာသားတွေ မြင်၇တယ်” ဟုပြောသည်။
ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) မဲဆန္ဒနယ် မှ ဦးထွန်းအောင်သိန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ သူက တိုက်ပွဲဖြစ်သည့်နှင့် ကျေးရွာမီးရှို့ခံရသည်ကို နွားရုံတောင် ကျေးရွာသားများ ပြောဆိုချက်အရ သိရကြောင်း ပြောသည်။
“ သုံးဆယ့်တဘုံ ဘုရားအနီး အဲဒီကွင်းမှာနေပြီးတော့ တိုက်ပွဲဖြစ်တယ် ဆိုပြီးတော့ အဲလိုကြားပါတယ်။ တပ်က ရွာကိုမီးရှို့နေတယ် ဆိုပြီးတော့ ရွာတွေက ကျနော့်ကို ဖုန်းဆက်ပါတယ်။ အဲလိုသတင်းရပါတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။
ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံမှလည်း တိုက်ပွဲ ဖြစ်ပွားအပြီး နွားရုံတောင်ရွာထဲသို့ ရောက်နေသည့် စစ်ကြောင်း တစ်ခုက မီးရှို့ကြောင်း ပြောကြားသဖြင့် လက်နက်ကြီးကျပြီး မီးလောင်တာ မဖြစ်နိုင်ဘူးလားဟု မေးမြန်းရာ မဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
“ ကျွန်တော်ကို ရွာသားတွေက ဖုန်းဆက်ပြီး ပြောပါတယ်။ ရွာတောင်ဘက်နေ စရှို့တယ်လို့ ပြောပါတယ်။ ဘယ်လိုနည်းနဲ့ လက်နက်ကြီးကျလို့ မီးလောင်တာ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားသည်။
တိုက်ပွဲဖြစ်ခြင်းပွားခြင်း အပါအအဝင် ကျေးရွာအား မီးရှို့/မရှို့ ကို သိလိုသဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်ရာ သူ့၏ ကိုယ်ရေးအရာရှိမှ အစည်းအဝေးထဲရောက်နေသည်ဟု ပြောဆိုသဖြင့် တပ်ဘက်က တုန့်ပြန်မှုကို မရရှိခဲ့ပါ။
သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း တို့အား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်မှု မရှိခဲ့ပါ။
၎င်းတိုက်ပွဲကြောင့် အနီးအနားရှိ ကျေးရွာများဖြစ်သည့် နွားရုံတောင်၊ သုံးဆယ်တစ်ဘုံ၊ စံဂိုးထောင်၊ စည်တောင်မှ ကျေးရွာသားများ ထောင်နှင့်ချီပြီး ကြောက်လန့်စိုးရိမ်ကာ ကျောက်ရံ၊ စေတီတောင်၊ ခွဆုံကျေးရွာများသို့ ထွက်ပြေးခဲ့ကြသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံထွန်းကျော်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ဆက်လက်ပြီး တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး သိရှိလိုသဖြင့် ရက္ခိုင်တပ်တော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရှိခဲ့ပါ။
နွားရုံတောင် အုပ်ချုပ်ရေးမှူးအား ယနေ့ နေ့လယ် ၁ နာရီကျော်က ဆက်သွယ်ရာ စစ်တပ်မှာရွာထဲတွင် ရှိနေသေးသဖြင့် မည်သူမျှ ရွာသို့ မပြန်ဝံ့၍ ဘယ်နှဆောင်မီးလောင်သည်ကို အတိအကျ မသိရသေးကြောင်း၊ အနည်းဆုံး လေးငါးဆောင်လောက်တော့ ပါသွားသည်ဟု ခန့်မှန်း၇ကြောင်း ပြောကြားသည်။