သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဂွမြို့နယ်အပါအဝင် ရေကြီးရာနေရာတချို့တွင် သောက်သုံးရေအခက်ခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 376

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၁၆/ ၂ဝ၁၉

ရခိုင်ပြည်နယ်မှ ဂွမြို့နယ် အပါအဝင် ရေကြီးရာနေရာတစ်ချို့တွင် သောက်သုံးရေအခက်အခဲ ဖြစ်နေကြောင်း ဒေသခံများက နိရဥ္စရာသတင်းဌာနသို့ ဆက်သွယ်ပြောကြားသည်။ 

ဂွမြို့နယ် ချင်းကွင်းကျေးရွာမှ ဦးဖိုးခွေးက “ရေက  အခုထိတက်နေတုန်းပါ။ မိုးရေကို အဓိကထားပြီး သုံးနေရတယ်။ သောက်ရေ ကကျတော့  မြို့ပေါ် ရပ်ကွက်တစ်ခုက တစ်အိမ်ကို   ၅ ဂါလံ  ၂ ဗူးလာလှူသွားလို့ ခဏတာ အဆင်ပြေနေပါတယ်။ အဲဒီ ရေကုန်သွားရင်  စိမ့်စမ်းရေကို အားကိုးရတော့မယ် စိမ့်စမ်းရေကို အားကိုးဖို့ကလည်း အခုလိုမျိုး ရေပြည့်နေတော့  အခြေနေမကောင်းပါဘူး”ဟု  နိရဥ္စရာသတင်းဌာနသို့ ဇူလိူင် ၁၅ ရက်နေ့က ပြောကြားသည်။

ဖော်ပြပါကျေးရွာတွင် မိုးရေနှင့် ချောင်းရေပြည့်လျှံမှုတို့ကြောင့် ရေတွင်းများတွင် ရေပြည့်လျှံသွားပြီး အိမ်ခြေ ၄၆  အိမ်မှ လူဦးရေ  ၂ဝဝ ကျော်ခန့်မှာ  သောက်သုံးရေ အခက်ခဲနှင့်ကြုံတွေ့နေရကြောင်း ၎င်းက ပြောသည်။

ဂွမြို့နယ်တွင်သာမက ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း မိုးရေနှင့် ချောင်းရေများပြည့်လျှံမှုကြောင့် ဒေသခံများမှာ သောက်သုံးရေအခက်ခဲဖြစ်နေကာ မိုးရေကို အဓိကထားပြီး သောက်သုံးရေအဖြစ် အသုံးပြုနေရကြောင်းသိရသည်။

လူဦးရေ  ၁ဝဝဝ ကျော်ခန့်ရှိသည့် ကျောက်တော်မြို့နယ်  ဇင်းခါရှည်ကျေးရွာမှ  ဦးတင်လှထွန်းကလည်း “စားရေးသောက်ရေးရော၊ သောက်သုံးရေရော အဆင်မပြေဘူး။ အခုက မိုးရေလှောင်ထားတာ ရှိနေပါတယ်။ မိုးတိတ်ရင်တော့ အခက်အခဲရှိပါတယ် ။ လှောင်ထားတဲ့  မိုးရေတွေကုန်ရင် အရမ်းအခက်ခဲရှိပါတယ်။  ကျွဲ၊ နွားကအစပေါ့ ”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့နယ် မင်းဖူးကျေးရွာ၊ ကပ်ပဲကျေးရွာ၊ ပွဲရက္ကံဆိပ်ကျေးရွာ၊  ငတာကျေးရွာ၊ အိုးပျဉ်ကျေးရွာ၊ ပြင်ယောင်းကျေးရွာ၊ ရွှေကျင်ကျေးရွာ၊ ရွှေတောင်ကျေးရွာ၊ မြင်းကဆိပ်ကျေးရွာ၊ မင်းဇီကျေးရွာနှင့် အညင်းတောင်ကျေးရွာတို့တွင်လည်း ရေကြီးရေလျှံမှုကြောင့်  သောက်သုံးရေအခက်ခဲနှင့်ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးဦးစီးမှူး ဦးအောင်မျိုးလွင်အား  နိရဥ္စရာ သတင်းဌာနမှ  ဆက်သွယ်  မေးမြန်းခဲ့ရာ ၄င်းမှာ ခရီးလွန်နေ၍ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဖြေပေးရန ်အဆင်မပြေသေးဟု ပြောသည်။

ကျောက်တော်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးခင်မောင်ဝင်းက “ဒီကျောက်တော်ဘက်ကတော့ ရေအခက်ခဲ ဖြစ်နေတယ်လို့ ကျွန်တော်တို့ကို တင်ပြထားတာ မရှိဘူးဗျ။ ဌာနကိုတင်ပြရင်တော့ ရေပြသနာကို ကျွန်တော်တို့ဌာနက အဆင်ပြေအောင်စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ အခုတော့ တင်ပြထားတာ မရှိသေးပါဘူး”ဟု နိရဥ္စရာသို့ ပြောသည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်းနှင့် ဂွမြို့နယ်မှ တချို့ကျေးရွာများတွင် ဇူလိုင်လ ၅ ရက်ခန့်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက် နေအိမ်များကိုသာမက ကျေးရွာအတွင်းရှိ သောက်သုံး ရေကန်များလည်း ရေလွှမ်းမိုးသွားခဲ့သဖြင့် သောက်သုံးရန် မသင့်တော်ဘဲ ဖြစ်နေသည်ဟု သိရသည်။

( ဓာတ်ပုံ-  ဂွမြို့နယ် ချင်းကွင်းကျေးရွာ ရေကြီးနေပုံ)


ဆက်စပ် သတင်းများ