အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ စစ်ရဟတ်ယာဉ်ဖြင့် ပါဝင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4.2k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇူလိူင် ၁၈/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အရှေ့တောင်ဘက်၊ ကံပြင်ကျေးရွာအပါအဝင် နေရာ ၄ ခုတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ရဟတ်ယာဉ်ဖြင့်လည်း ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာများမှာ ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာ၊ အသည်းချောင်း၊ စံဂိုးထောင်နှင့် ဆင်သေပြင်အကြား၊ ခရုချောင်းတို့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

စံဂိုးထောင်ကျေးရွာမှ ဒေသခံ တစ်ဦးက “ ကံပြင်ရွာမှာ ဖြစ်တာက မွန်းလွဲ ၂ နာရီမှာ စဖြစ်ပါတယ်။ ကံပြင်ရွာမှာ တပ်စွဲထားတဲ့ တပ်မတော် စစ်ကြောင်းနဲ့ ဖြစ်ကြတာပါ။ တိုက်ပွဲက အရမ်းပြင်းထန်ပါတယ်။ ဘူးသီးတောင် တပ်မ ကလာစစ်ရဟတ်ယာဉ်တစ်စီးနဲ့လည်း ညနေပိုင်းမှာလာရောက်တိုက်ခိုက်ပါတယ်။ ညနေ ၅ နာရီကျော် ၆ နာရီလောက်မှာ လာတိုက်တာပါ။ ဆင်ခုံးတိုင် အရှေ့ဘက်ကနေ ပတ်ပျံပြီး စည်တောင်၊ ကံပြင်ရွာအနီးက တောင်တန်း ပတ်ပြီးပစ်သွားတာ။ မီးခိုးတွေတက်လာတာကို မြင်ရတယ်။ တစ်ကြိမ်ဘဲ လာပစ်တယ်။ နောက်တော့ပြန်သွားတယ်။ မလာတော့ဘူး။ တိုက်ပွဲ သေနတ်သံတွေက ည ၉ နာရီကျော် ၁ဝ နာရီလောက်မှ ရပ်သွားပါတယ်” ဟု ပြောကြားသည်။

၎င်းပြင်ဘူးသီးတောင် တပ်မမှလည်း အမြောက်ကြီးများဖြင့် လှမ်းပစ်ကြောင်း၊ ကံပြင်ရွာ အရှေ့ဘက်တောင်တန်းများနှင့် ငစံဘော်ချောင်းဖျားကိုဟု ခန့်မှန်းရကြောင်း၊ ၎င်းက ပြောကြားသည်။

၎င်းပြင်သူက “ အသည်းချောင်းမှာ တစ်ပွဲဖြစ်တယ်။ တပ်ကနေ စစ်ကြောင်းထိုးတာလား၊ ထွက်ပေါက်ရှာတာလားတော့ မပြောတတ်ဘူး။ အသည်းချောင်းထဲမှာ တစ်ပွဲဖြစ်တယ်။ နောက်စံဂိုးထောင် အနီးက ဆင်သေပြင်မူဆလင်ကျေးရွာအနီးမှာတစ်ပွဲဖြစ်တယ်။ ဒီကနေ့ မနက် ၄ နာရီ ၅ နာရီ ခရုချောင်းအနီးမှာ တစ်ပွဲ ထပ်ဖြစ်ပါတယ်” ဟု ပြောကြားသည်။

တိုက်ပွဲတွင် နှစ်ဘက် အထိအခိုက် အကျအဆုံးများကို မသိရှိရကြောင်း ၎င်းက ပြောကြားသည်။

ကံပြင်ရွာတွင်မူ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကပင် ရွာသားများ ရွာကို စွန့်ခွာသွားကြပြီ ဖြစ်သဖြင့် တိုက်ပွဲ ဖြစ်ပွားစဉ် ရွာထဲတွင် ရွာသားတစ်ဦးမှ မရှိတော့ကြောင်း စေတီတောင်ကျေးရွာ စစ်ဘေးရှောင်စခန်းသို့ ရောက်နေသူ တစ်ဦးက ပြောကြားသည်။

“ တိုက်ပွဲကတော့ တော်တော်ပြင်းပါတယ်။ မွန်းလွဲ ၂ နာရီကျော်က ဖြစ်တာ ည ၆ နာရီလည်း မပြီးဘူး။ လက်နက်ကြီး လက်နက်ငယ်သံတွေ အကုန်လုံးကြားရပါတယ်။ စစ်ရဟတ်ယာဉ်နဲ့လည်း ကျွန်တော်တို့ရွာအနီးက တောင်တန်းတွေကို လာပစ်ပါတယ်။ မီးခိုးလုံးတွေကို မြင်ရပါတယ်။ ည ၆ နာရီကျော်လောက်မှာ ရဟတ်ယာဉ်နဲ့ လာပစ်တာပါ။ တိုက်ပွဲ ဖြစ်ချိန်မှာ ကျွန်တော်တို့ရွာမှာ ရွာသားတွေမရှိတော့ပါ။ စစ်ကြောင်းရောက်ကတည်းက ရွာသားတွေ အကုန်လုံး စေတီတောင်နဲ့ ဆင်ခုံးတိုင်ရွာကို ရောက်နေကြပါပြီ။ တပ်ကနေ ဘုန်းတော်ကြီးကျောင်းမှာ စုထားခဲ့တဲ့ ရွာသား ၄၂ ဦးလည်း ဒီလ ၁၃ ရက်နေ့ကတည်းက ရွာကနေ ထွက်ခွာလာခဲ့ကြတဲ့ အတွက် စေတီတောင်ကို ရောက်နေကြပါပြီ” ဟု ၎င်းကံပြင်ရွာသားက ပြောကြားသည်။

ဘူးသီးတောင်မြို့ခံတစ်ဦးကလည်း ဘူးသီးတောင်မြို့ တပ်မမှ ညနေ ၈ နာရီကျော်မှ ၉ နာရီကျော်ထိ အမြောက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သံကို ကြားခဲ့ရသည်ဟု ပြောဆိုသည်။

ရက္ခိုင်တပ်တော် (AA) မှ သတင်းထုတ်ပြန်ချက်တွင် ဇူလိူင် ၁၇ ရက် တစ်ရက်တည်းတွင် ဘူးသီးတောင်မြို့နယ် ကံပြင်၊ ပုဏ္ဍားကျွန်းမြို့နယ် ခမီကြိမ်ချောင်းရွာနှင့် ဂဏန်းမဲကျေးရွာအကြား၊ မြောက်ဦးမြို့နယ် အုတ်ဖော်ကန်တောင်ဖက်တို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ