Preview

စစ်သင်္ဘောပစ်ခတ်မှုနှင့်ပတ်သက်၍မင်္သကာမှုဖြင့်ဖမ်းဆီးခံနေရသူ၇ ဦး အထဲမှ ၅ဦးကို ပြန်လွှတ်၊ ၂ ဦးကျန်ရှိနေ

ဇူလိုင် ၁၈/ ၂၀၁၉ | ကြည့်ရှုသူ :9366
ရခိုင် သတင်း

ခိုင်လင်း
နိရဥ္စရာ၊ ဇူလိူင် ၁၈/ ၂၀၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်း၀တွင် ရပ်နားထားသည့် စစ်သင်္ဘောဆွဲရေယာဉ် တစ်စီး ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ မင်္သကာမှုဖြင့် ဖမ်းဆီးခံနေရသူ ၇ ဦး အနက် ၅ဦးလွှတ်မြောက်ပြီး ၂ ဦးကို ဆက်လက် ဖမ်းဆီး စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူ ရ ဦးမှာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ်အတူတူလုပ်နေကြသူများဖြစ်ကြသည့်  ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးအောင်လင်းဦး၊ မန်နေဂျာ ဦးအောင်နိုင်၊ တာဝန်ခံဦးအောင်စိုးသန်းနှင့် ခြံစောင့် လုပ်ကိုင်နေသူ ဦးထွန်းရွှေ၊ ဇနီးဒေါ်သူဇာတို့ ဖြစ်ကြသည်။

မောင်ရဲမင်းနိုင်နှင့် မောင်စိုးဌေးအောင်နိုင်တို့ နှစ်ဦးမှာ ဆက်လက် ဖမ်းဆီးခံနေရကြောင်းသိရသည်။

ကိုစိုးဌေးအောင်နိုင်၏ မိခင်ဖြစ်သူ ဒေါ်မနီလှက “ အခုတော့ရမန်ယူတယ်။ ငါးယောက်လွှတ်သွားပြီးတော့ နှစ်ယောက် ကျန်တယ်ဆိုတော့ သူတို့နှစ်ယောက်ကိုလည်း လွှတ်စေချင်တယ်။ ကျွန်မသားကိုလည်းလွှတ်စေချင်တယ်။ ဘာမှမဟုတ်ရင်လည်း ရိုက်တယ်။ ထိုင်နေရင်လည်း မျက်နှာတွေကို ခြေနဲ့ကန်တယ်လို့ ပြောပါတယ်” ဟု  ပြောသည်။

ထိုလွတ်မြောက်လာသူ ၅ဦး ထဲတွင် ဒေါ်သူဇာအား လွှတ်ပေးလို်က်သည်မှာ ၁၁ ရက်ရှိနေပြီ ဖြစ်ကြောင်း၊ တစ်ယောက်နှင့် တစ်ယောက်မတွေ့ရကြောင်း၊ မလွှတ်ပေးမီလက်မှတ်ထိုးခိုင်းပြီး အဝေးကိုမသွားရန်ပြောကြားကြောင်း ဒေါ်သူဇာကပြောသည်။

''ကျွန်မသားလေနဲ့ မြေးလေးတစ်ယောက်ကိုဖမ်းထားသေးတယ်။ မလွှတ်သေးဘူး။ ဒီနေ့သတင်းကြားတာကတော့ ကျွန်သားလေးကို  နေပြည်တော်သို့ လေယာဉ်နဲ့ခေါ်သွားခဲ့တယ်လို့ ကြားပါတယ်။ ကျွန်မကိုလည်း မလွှတ်ခင် ကျမကို လက်မောင်းတွေ ပေါင်တွေကိုရိုက်တယ်။ ဒူးထောက်ခိုင်းထားတယ်။ ဒီလိုမထိုင်နိုင်ဘူး ညောင်းတယ်ဆိုရင်လည်း မရဘူး။ လက်ထိပ်ခတ်ထားတာကို တက်နင်းလိုက်တာ လက်ကျိုးသွားသလို ခံစား၇တယ်။ ကျွန်မတို့က ဘုမသိဘမသိပဲ အလကားအဖမ်းခံခဲ့တာဖြစ်ပါတယ်''ဟု ဒေါ်သူဇာက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင် စစ်တွေမြို့ ဆတ်ရိုးကျချောင်း၀တွင် ရပ်နားထားသည့် တပ်မတော် တွဲဆွဲရေယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော်က ၂ ချက်ပစ်ခတ်ခဲ့မှုကြောင့် တပ်မတော်သားနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ  သတင်းထုတ်ပြန်ခဲ့သည်။

၇ခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်မှစ၍ ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ် သံသယဖြင့်ဖမ်းဆီးထားသူ ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.