သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဆွေမျိုးနေအိမ် မီးရှို့ခံရမှု တပ်နှင့်မဆိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 892

နိရဥ္စရာ၊ ဇူလိူင် ၂ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုးထောင်အုပ်စု၊ ရှပ်ရှားတောင်ကျေးရွာတွင် ဇူလိူင် ၁၈ ရက်နေ့ နံနက် ၁ဝ နာရီကျော်က ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ၏ ဆွေမျိုးတော်စပ်သူ နှစ်ဦး၏ အိမ်နှစ်လုံးမီးရှို့ခံရမှုမှာ တပ်မတော်နှင့် မသက်ဆိုင်ကြောင်း တပ်တော် တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မီးရှို့ခံခဲ့ရသည့်အိမ်များမှာ ရှပ်ရှားတောင်ကျေးရွာမှ ဦးအောင်သောင်းရွှေ၏ ညီဖြစ်သူ မောင်အေးခင်အိမ်နှင့် ယောက္ခ၏ညီဖြစ်သူ ဦးမောင်သာညွှန့်အိမ်တို့ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ အိမ်နှစ်လုံးအား ရှပ်ရှားတောင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် ဝင်ရောက်လာသော စစ်ကြောင်း တစ်ခုမှ မီးရှို့သွားခဲ့ကြောင်း အနီးအနားရှိ ကျေးရွာသားများကို ကိုးကားပြီး ဦးအောင်သောင်းရွှေက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်သို့ မေးမြန်းရန် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း မရရှိခဲ့သဖြင့် ဇူလိူင် ၁၉ ရက်နေ့မှ အဆက်အသွယ်ရရှိစဉ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား မေးမြန်းရာ တပ်မတော် အနေဖြင့် မီးရှို့သည့် အလုပ်ကို မလုပ်ဟု ပြောဆိုသည်။

“  ကျွန်တော်တို့က ဒေသဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတဲ့ အဖွဲ့အစည်း။ ဒေသဖွံ့ဖြိုးတိုးတက်အောင်နဲ့  တည်ငြိမ်အေးချမ်းအောင်လုပ်နေတဲ့ အဖွဲ့အစည်းကတော့  ဒေသကို အကျိုးယုတ်စေမယ့် အလုပ်ကို မလုပ်ပါဘူး။ ကျွန်တော်ဒီကိစ္စနဲ့ ဖြေရှင်းချင်တာက အဲဒါပါဘဲ” ဟု ပြောကြားသည်။    

ဇူလိူင် ၁၈ ရက်နေ့နံနက် ၁ဝ နာရီကျော်က ဘူးသီးတောင်မြို့နယ် ရှပ်ရှားတောင်နှင့် ဥယျာဉ်သာ ကျေးရွာအကြားတွင် မြန်မာတပ်မတော် စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်း တစ်ခုရွာထဲကို ဝင်ရောက်လာကာ ၎င်းအိမ် နှစ်လုံးအား မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောဆိုသည်။

တပ်မတော်ဘက်က မီးရှို့ကြောင့် သက်သေအထောက်များရှိပါသလားဟု ဦးသောင်းရွှေသို့ ဆက်လက် မေးမြန်းရာသူက “ အဲဒီရှပ်ရှားတောင်က ကျွန်တော်မွေးရာဇာတိရွာပါ။ တပ်ကနေ မီးရှို့တာကို အနီးအနား ဥယျာဉ်သာ ကျေးရွာကလူတွေ တောင်ကုန်းပေါ်က မြင်နေရတယ်လို့ ကျွန်တော်ကို ဖုန်းဆက်ပြီး အကြောင်းကြားပါတယ်။ နောက်ပြီး ချောင်းတစ်ဖက်တွင် ရှိနေတဲ့ ဆင်သေပြင် ဘင်္ဂလီကျေးရွာကလည်း ကျွန်တော်ကို အကြောင်းကြားပါတယ်။ ဒါကြောင့် ကျွန်တော်သိရတာပါ” ဟု ပြောဆိုသည်။

ယခုနောက်ပိုင်း မြန်မာတပ်တော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အနီးအနားရှိ ကျေးရွာများ မီးရှို့ခံနေရပြီး ဇူလိူင်လ ၁၃ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားအပြီး ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာတွင် နေအိမ်တစ်ချို့ မီးရှို့ခံခဲ့ရသလို ဇူလိူင် ၉ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာမှ နေအိမ် ၁၁ လုံးမီးရှို့ခံခဲ့ရသည်။ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်အုပ်စု၊ အလယ်ချောင်းခမီရွာမှ အိမ် ၄၄ လုံးလည်း ဇူလိူင် ၅ ရက်နေ့ နံနက်က မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ 

၎င်းမီးရှို့မှုများနှင့် ပတ်သက်ပြီး ဒေသခံများက တပ်မတော်စစ်ကြောင်းကနေ မီးရှို့ကြောင်း ပြောကြားသော်လည်း ဗိုလ်မှူးကြီးဝင်းဇော်ဦးကမူ တပ်ကနေ မီးရှို့ခြင်း မဟုတ်ဘဲ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုကြောင့် လက်နက်ကြီး ကျရောက်ပြီး မီးလောင်ခြင်း ဖြစ်နိုင်သလို တစ်ဖက်တွက်လည်း AA ကနေ မီးရှို့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားသည်။

ရက္ခိုင်တပ်တော် (AA) က ၎င်းစွပ်စွဲချက်များကို ဇူလိူင် ၁၆ ရက်နေ့က ကြေညာထုတ်ပြန်ကာ ကန့်ကွက်ထားသည်။

ဆက်စပ် သတင်းများ