ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မင်းပြားမြို့မြစ်ကမ်းပါးပြို၍ လူနေအိမ် ၄၂လုံး ထပ်မံဖြိုဖျက်လိုက်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 2.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၂ဝ၊ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ဇူလိုင်လ ၁ဝ  ရက်ခန့်မှစ၍ ယနေ့ထိ လေးမြို့မြစ်ရေ ပြင်းထန်စွာ စီးဆင်းနေမှုကြောင့် မြစ်ကမ်းပါးများပြိုကျ၍ နေအိမ် ၄၂ လုံးကို ထပ်မံ  ဖြိုဖျက်လိုက်ရကြောင်း သိရသည်။

၄င်းနေအိမ်များမှာ မင်းပြားမြို့ ပြည်တော်လှရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ဦးစိုးတင့်ရပ်ကွက်တို့မှဖြစ်ကြသည်ဟု သိရသည်။

“အိမ်က လုံးဝပြိုသွားတာတွေရှိတယ်။ တစ်ချို့က တစ်ခြမ်းပျက်စီးသွားလို့ အိမ်တစ်ဆောင်လုံး ဖြိုလိုက်ရတာရှိတယ်။ မြစ်ရေကျတာက အရမ်းကြမ်းပါတယ်။ဒီတော့ ကမ်းပါးတွေ မခံနိုင်ဘူးလေ။ ကျွန်တော့်အိမ်နဲ့ ခြံက မြစ်ထဲကို ပါသွားတာပါ။အခုတော့ ခြံရော၊ အိမ်ရောမရှိတော့ဘူး။ သူများအိမ်မှာ ငှားနေရပါတယ်”ဟု  မင်းပြားမြို့ ပြည်တော်လှရပ်ကွက်မှ ဦးမောင်ကြီးယေက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ပျက်စီးသွားသော နေအိမ်များနှင့် ဖြိုဖျက်လိုက်ရသော နေအိမ်များမှာ ပြည်တော်သာရပ်ကွက်မှ ၆ လုံး၊ ပြည်တော်လှရပ်ကွက်မှ ၉ လုံး၊ ဦးစိုးတင့်ရပ်ကွက်မှ ၂၇ လုံးဖြစ်ကြောင်း သိရသည်။

“အိမ်က တစ်ခြမ်းဖြိုဖျက်တာရော တစ်ဆောင်လုံးဖြိုဖျက်တာရောပေါ့။ ဒီလေးမြို့မြစ်ရေကျဆင်းတာရပ်ဖို့က ဒီလ ကုန်လလောက်မှပဲ  ထင်ပါတယ်။ ရေကျဆင်းနေသရွေ့ကတော့ အိမ်တွေက ထပ်ဖြိုဖျက်နေရဦးမှာပါပဲ ”ဟု ဦးစိုးတင့်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးသာစိန်ထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မြစ်ကမ်းပါးပြိုကျမှုကြောင့် ဇူလိုင်လ ၁ဝ ရက်ခန့်မှစ၍ မင်းပြားမြို့ရှိနေအိမ် အချိူ့မှာ ဖြိုဖျက်နေရပြီး ဇူလိုင်လ ၁၉ ရက်နေ့ထိလည်း နေအိမ်အချို့ ဆက်ဖြိုနေရသေးကြောင်း ပြည်တော်လှရပ်ကွက်မှ အုပ်ချုပ်ရေးမှူး  ဦးသိန်းထွန်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး၏သဘောထားအားသိလို၍ နိရဥ္စရာသတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

လေးမြို့မြစ်ကမ်းပါးပြိုမှုမှာ နှစ်စဉ် နှစ်တိုင်း မိုးရာသီတွင် ဖြစ်ပွားလေ့ရှိကြောင်း၊ မင်းပြားမြို့ မြစ်ကမ်းပါးပြိုရခြင်းမှာ ကမ်းအောက်ခြေကို မြစ်ရေထောင်း၍ ဖြစ်ကြောင်း၊ မြစ်၏ ရေစီးကြောင်းကို လွဲနိုင်အောင် ကြိုးစားရမည် ဖြစ်ကြောင်း၊ မင်းပြားမြို့အထက် လေးမြို့့မြစ်လယ်တွင် ပေါ်လာသော သောင်များကို တူးဖော်ရမည်ဖြစ်ကြောင်း၊ မြစ်ကမ်းပါးပြို၍ မြို့၏ ကမ်းနားတစ်လျှောက်ရှိ စာသင်ကျောင်းမြေနေရာများ၊ ဘောလုံးကွင်းမြေနေရာများ၊ လူနေအိမ် ရာနှင့်ချီ၍ မြစ်ရေထဲပါသွားပြီ ဖြစ်ကြောင်း၊ အစိုးရမှ မင်းပြားမြို့ ကမ်းပါးပြိုမှုကို ကာကွယ်ရန် နှစ်စဉ် ကျပ်သန်းရာပေါင်းများစွာ အသုံးပြုသော်လည်း မကာကွယ်နိုင်ဘဲ ဖြစ်နေကြောင်း၊ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ မြစ်ကမ်းပါးကို ကာကွယ်ရန် စနစ်တကျ သေချာမလေ့လာဘဲ ပြုလုပ်နေကြ၍ ဖြစ်ကြောင်း ဒေသခံများ၏ အပြောအရ သိရသည်။  

ယခုကဲ့သို့ မြစ်ကမ်းပါးပြိုကျနေသည့် နေရာအား ၂ဝ၁၈ ခုနှစ် မေလလအတွင်းတွင် မြေထိန်းနံရံအဖြစ် ကျောက်တန်းများဖြင့်  ဆောက်လုပ်ခဲ့သော်လည်း လိုအပ်သောမြေစာများကို လူနေအိမ်များနှင့်နီးသော နေရာများမှ တူးယူခဲ့သည့်အတွက်  မြစ်ရေတိုက်စားမှုဒဏ်ကို မခံနိုင်၍ မြစ်ကမ်းပါး ပြိုကျခြင်းများဖြစ်ကြောင်းလည်း သိရသည်။

(ဓာတ်ပုံ- Saw Moe Kyaw)

ဆက်စပ် သတင်းများ