သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်ရှိ ဆရာ၊ဆရာမများကို မိုင်းအန္တရာယ်အသိပညာပေးဆရာဖြစ်သင်တန်းပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 2.1k

ခိုင်လင်း
နိရဥ္စရာ၊ ဇူလိုင် ၂ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ ဇူလိုင်လ ၂ဝ ရက်နေ့က UNICEF မှဦးဆောင်၍ ဆရာ၊ ဆရာမများအတွက် မိုင်းအန္တရာယ် အသိပညာပေး ဆရာဖြစ်သင်တန်အား စစ်တွေဟိုတယ်တွင် သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။

ဤသင်တန်းအားပို့ချရခြင်းမှာ ဆရာ၊ ဆရာမများမှတစ်ဆင့် ရပ်ရွာလူထု၊ ကလေးများသည် မိုင်းအန္တရာယ်ကို ပိုမိုသိရှိလာပြီး လုံခြုံစိတ်ချဘေးကင်းစေရန် ရည်ရွယ်ချက်ဖြစ်သည်။

UNICEF မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အရာရှိ ဦးကျော်ဝင်းဦးက  “ မိုင်းဖြစ်စဉ်ဖြစ်ပြီးဆိုတာနဲ့ မိုင်းထိတဲ့သူကို ရှေးဦးသူနာပြုစု ဖို့လိုလာမယ်။ ဆေးရုံဆေးခန်းတွေကို အချိန်မီ ပို့ဖို့လိုလာမယ်။ အထူးသဖြင့်တော့ သူ့ရဲ့မိသားစုဝင်တွေကို စိတ်ပိုင်းဆိုင်ရာ အားပေးမှု support တွေပေးရတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ် ” ဟု သင်တန်းပို့ချစဉ် ပြောကြားလိုက်သည်။

ယခုကဲ့သို့  မိုင်းအန္တရာယ် အသိပညာပေးသင်တန်းအား ရခိုင်ပြည်နယ်ရှိမြို့နယ် ၁ဝ မြို့နယ်မှ သက်ဆို်င်ရာ ပညာရေးမှူးရုံး၊ လူမှုဝန်ထမ်းနှင့် Unicef မှတာဝန်ရှိသူများမှ  နုတ်ခွန်းဆက်စကားပြောကြားခြင်း၊ သင်တန်းပို့ချမည့်သူများနှင့် သင်တန်းသားများမှ မိမိကိုယ်ကိုမိတ်ဆက်ခြင်း၊ သင်တန်းရည်ရွယ်ချက်နှင့် သင်တန်းအစီစဉ်အား ရှင်းလင်းခြင်း အစီအစဉ်များပြုလုပ်ခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ရသေ့တောင်မှာက အခုရက်ပိုင်းတိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်တယ်။ နောက်ပြီးတော့ သင်တန်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်  ကျောင်းသားလေးတွေ မိုင်းကိုကစားရင်းနဲ့ ထိခိုက်တာမျိုးလည်းရှိတာပေါ့။ နောက်ပြီးရသေ့တောင်မြိုနယ် မြင်းဖူးရွာမှာ မပေါက်ကွဲပဲကျန်နေသေးတဲ့ မော်တာလိုမျိုး အာရ်ပီဂျီ ကို ဝါးနဲ့ခြံထိုးထားတာတွေ့ရတယ်။ ဒီသင်တန်းကိုတက်ရောက်လာတာ အကျိုးရှိတယ်လို့ထင်ပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသဖြစ်တဲ့အတွက် ဒီသင်တန်းဟာ ဒီဒေသမှာနေထိုင်တဲ့လူတွေ အတတ်နိုင်ဆုံး အန္တရာယ်ကင်းပြီး ထိရောက်မယ် အကျိုးရှိမယ်လို့ထင်ပါတယ်” ဟု ရသေ့တောင်မြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးဇော်မင်းနိုင်က ပြောသည်။

အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ်ရှိမြို့နယ် ၁ဝ ခုမှ ပညာရေးဌာနအရာရှိများ နှင့် လူမှုဝန်ထမ်းအပါအဝင် ၃၄ ယောက်တက်ရောက်သင်တန်းယူခဲ့ကြောင်း သိရသည်။

မိုင်းထိမှုတွင် ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇွန်လကုန်ထိ ၆ လအတွင်း ၂၉ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရသူ ၁၈ ဦးနှင့် ၎င်းတို့ထဲတွင် ကလေးသူငယ် ၈ ဦးပါဝင်ကြောင်း အမည်မဖော်လိုသူ Unicef မှ ရခိုင်ပြည်နယ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ် သတင်းများ