ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်တွင် H1N1အပြင် အခြား H3N2နှင့် Influenza B ရောဂါတွေ့ရှိသူ ၂၇ ဦးထိရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 7.7k

ခိုင်လင်း
နိရဥ္စရာ၊ ဇူလိုင် ၂၃/ ၂ဝ၁၉
 
ရခိုင်ပြည်နယ်တွင်၂ဝ၁၉ခု ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ H1N1အပြင် အခြား H3N2နှင့် Influenza B ရောဂါများ တွေ့ရှိသူ ၂၇ ဦးထိရှိလာ ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းအသိပေးရှင်းလင်းပွဲ အခမ်းအနားအား ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်၌ စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြုလုပ်စဉ် သက်ဆိုင်ရာ ကျန်းမာရေးဌာန တာဝန်ရှိသူများက ထိုသို့ ထုတ်ဖော်ပြောကြားသွားခြင်း ဖြစ်သည်။ 

သံသယအနေဖြင့် အမျိုးသားဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးသူ ၅၇ ယောက်အနက် ရောဂါလက္ခဏာတွေ့ရှိသူ ၂၇ ဦးရှိပြီး H1N1 ရောဂါတွေ့ရှိသူ ၆ ဦးရှိကြောင်း ပြည်နယ်ပြည်သူကျန်းမာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။

“ H1N1 တွေ့ရှိတာကတော့ ၆ ယောက်ရှိတယ်။ ရခိုင်တစ်ပြည်နယ်လုံးမှာပေါ့။ သံသယအနေနဲ့ အမျိုးသားဓာတ်ခွဲခန်းမှာ စစ်ဆေးသူ ၅၇ ယာက်ထဲမှာ ၂၇ ယောက်က တုတ်ကွေးရောဂါ လက္ခဏာတွေတွေ့ရတယ်။၂၇ ယောက်ထဲမှာလည်း  H1N1တစ်ခုတည်းမဟုတ်ဘဲ အခြား H3N2နှင့် Influenza B ရောဂါတွေလည်းပါတာတွေ့ရတယ်။ ရခိုင်ပြည်နယ်ရဲ့ တုပ်ကွေးရောဂါ ဖြစ်ပွားမှုဟာ ပြည်နယ်နဲ့တိုင်းမှာဆိုရင် တတိယနေရာမှာလိုက်တယ်” ဟု ဒေါက်တာ စိုးဝင်ပိုင်က ပြောသည်။

ယခုကဲ့သို့ ရောဂါလက္ခဏာများ စစ်ဆေးတွေ့ရှိသူ ၂၇ ယောက်တို့တွင်  သေဆုံးသူမရှိကြောင်း သိရသည်။

ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ရန) ဒေါက်တာ ဒေါက်တာသီဟက “ ရောဂါလက္ခဏာ စစ်ဆေးတွေ့ရှိသူတွေထဲမှာ သေဆုံးတာတော့ မရှိပါဘူး။ အထူးသဖြင့် အများစု တွေ့ရှိရတာကတော့ အသက် ၂ဝ ကနေ ၆၅ နှစ်အတွင်း အများဆုံးတွေ့ရတယ်။ ဒီရောဂါက စိုးရိမ်လောက်တဲ့ရောဂါမျိုးမဟုတ်ပါဘူး။ ကိုယ့်ကို ကိုယ်ကာကွယ် မယ်ဆိုရင်ရတယ်။ ကာကွယ်ဆေးတွေကို ရောဂါသည်တွေကိုကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးတယ်။ ကာကွယ်ဆေးဆိုတာ ထိုးလို့မရဘူလားဆိုတော့ ထိုးလို့ရတယ်။ ထိုးသင့်တဲ့လူတွေကို တစ်နှစ်တစ်ခါထိုးပေးရတယ်။” ဟု ပြောသည်။

စစ်ဘေးရှောင်ကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးဌာနအနေဖြင့် အရပ်ဖက်ပရဟိတအဖွဲ့များနှင့် ပူးပေါင်းပြီး တတ်နိုင်သမျှကူညီပေးကြောင်းနှင့် ပရဟိတအဖွဲ့အစည်းများကို ကျန်းမာရေးဌာနအနေဖြင့် ကန့်သက်ချက်များ မရှိကြောင်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

 “ စစ်ဘေးရှောင်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြို့နယ် ၈ မြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေရှိပါတယ်။ လက်တလော တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေသိပ်မလုပ်ဖြစ်ဘူး။ ပစ်တယ်၊ ခိုက်တယ် လက်နက်ကြီးတွေ ကျတဲ့နေရာတွေမှာပေါ့ အဲ့လိုနေရာမျိုးကလွဲရင်ကျန်တဲ့ဟာတွေ မှာပြုလုပ်ပါတယ်။ ပရဟိတ၊ NGO အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်တာတွေလည်းရှိတယ်။ ပရဟိတအဖွဲ့အစည်းတွေကို ကန့်သက်တာတွေမရှိပါဘူး။ ကန့်သက်နိုင်တဲ့ အဖွဲ့အစည်းလည်းမဟုတ်ပါဘူး ” ဟု ဒေါက်တာစိုးဝင်းပိုင်က ဆက်လက်ပြောကြားသည်။
 
အဆိုပါ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသားများ၊ ဆရာဆရာမများတက်ရောက်ခဲဲ့ပြီး ရခိုင်ပြည်နယ်အတွင်းတွင်း ရာသီတုပ်ကွေးရောဂါကြောင်းကို မည်သည့်လက္ခဏာ၊မည်သို့ကူစက်သည်၊ ကာကွယ်ရမည့်နည်းလမ်းများကို ပြည်သူကိုချပြလိုသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ