သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် တိုက်ပွဲပြင်းထန်၊ လူနေအိမ်ပေါ်လက်နက်ကြီး ကျည်ကျ၊ မူဆလင်လူငယ်တစ်ဦးကျည်စထိမှန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 7.3k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၂၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဥယာဉ်သာကျေးရွာအနီးတွင် ယမန်နေ့ဇူလိူင်၂၂ ရက် ညနေ ၂ နာရီခွဲမှ ၄ နာရီခွဲအထိ မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား နှစ်ဘက်အပြန်အလှန် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင်းမှ လက်နက်ကြီး ကျည်များ အနီးအနားရှိ ကျေးရွာများမှ အိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့သလို မူဆလင် လူငယ်တစ်ဦးလည်း ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ် ဥယာဉ်သာကျေးရွာ လူနေအိမ်၂ လုံးကို  လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ဆင်သီပြင်ရွာမှ  မူဆလင် လူငယ်တစ်ဦးတွင်လည်း  လက်နက်ကြီးကျည်စထိမှန်ခဲ့ကြောင်း ဥယာဉ်သာကျေးရွာသား ဦးအောင်သိန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဦးအောင်သိန်းက “ မနေ့ကတိုက်ပွဲဖြစ်တယ်။ ဖြစ်တာက ရွာနဲ့နီးတယ်။ တစ်မိုင်လောက်ပဲရှိတယ်။ ရွာအရှေ့တောင်ဘက်မှာ ဖြစ်ကြတာ။ အဲဒီမှာ တိုက်ပွဲဖြစ်ပွားလို့ ကျနော့်နေအိမ်ကို လက်နက်ကြီးကျည် ၃ လုံးကျတယ်။  နောက် ဦးသိန်းထွန်းအိမ်မှာ ၂ လုံးကျတယ်လို့ ရွာမှာရှိတဲ့လူတွေက ပြောပါတယ်။ ကျနော်က အခု သရက်ပြင် စစ်ဘေးရှောင်စခန်း ရောက်နေတာပါ။ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အိမ်ခေါင်မိုးတွေ ပေါက်ကွဲ ကုန်တယ်လို့ သိရပါတယ်။ ကျနော်တို့အိမ်က အုန်းပင်တစ်ပင်နဲ့ သပြေပင်တစ်ပင်လည်း လက်နက်ကြီးကျလို့ ကျိုးပိုင်းသွားတယ်လို့ ပြောပါတယ်။ ဆင်သီပြင်က မူဆလင်လူငယ် တစ်ယောက်လည်း လက်နက်ကြီး ကျည်ထိမှန်ခဲ့တယ်လို့ ကြားသိရပါတယ်” ဟု ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးကျည်စ ထိမှန်ခဲ့သူမှာ ဆင်သီပြင်ကျေးရွာမှ ဒီလ်မာမောက်(၁၄)နှစ်(ဘ) ဦးရှူးနာမောက်ဖြစ်ပြီး လက်နက်ကြီး ကျည်စထိမှန်၍ ညာဘက်ခြမ်းကျောကုန်းတွင် ဒဏ်ရာ တစ်ချက် ရရှိသွားကြောင်း ဖခင်ဖြစ်သူ ဦးရှူးနာမောက်က ပြောသည်။

“မနေ့က ညနေ ၂ နာရီဝန်းကျင်လောက်မှာ ရှပ်ရှားတောင်ရွာနဲ့ ဥယာဉ်သာရွာနားမှာ တိုက်ပွဲဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပြီးလို့ ညနေ ၇ နာရီခွဲမှာ ဥယာဉ်သာရွာချောင်းနားမှာ လက်နက်ကြီးကျလို့ ပေါက်ကွဲတယ်။ ရခိုင်ရွာနဲ့ကျနော်တို့နဲ့က ၂ မိနစ်လောက်ပဲသွားရတာ နီးတယ်။ အဲဒီရခိုင်ရွာနားချောင်းမှာ လက်နက်ကြီးကျပေါက်ကွဲတော့ ကျနော့်သားကလည်း နေအိမ်ကထွက်တာနဲ့ အဲဒီက အစက လာပြီး ထိတာပါ” ဟု ဦးရှူးနာမောက်က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းအား ဆက်သွယ် မေးမြန်းရာ သူက ဥယာဉ်သာကျေးရွာအတွင်း လက်နက်ကြီး ကျည်ကျရောက်မှုအား ကြားသိရကြောင်း၊ ဆင်သီပြင်မှ မူဆလင်တစ်ဦး လက်နက်ကြီးကျည်စထိမှန်ခြင်းအား မူဆလင်ရွာသားများနှင့် အဆက်အသွယ်မရှိသည့်အတွက် ထိုကိစ္စအားမသိရကြောင်း ပြန်လည်ဖြေကြားသွားသည်။

အဆိုပါတိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား နိရဥ္စရာသတင်းဌာနမှ ယနေ့ ညနေ ၅ နာရီ ၅ဝ မိနစ်က ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရှိခဲ့၍ တပ်ဘက်က သဘောထားကို တင်ပြပေးနိုင်ခြင်းမရှိပါ။

ဆက်လက်ပြီး ရက္ခိုင့်တပ်တော် AA မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ အားဆက်သွယ်ခဲ့ရာ ထိုနည်းတူစွာ ဆက်သွယ်မှုမရှိခဲ့သဖြင့် တိုက်ပွဲဖြစ်ခြင်းနှင့်ပတ်သက်ပြီး အတည်ပြုတင်ပြနိုင်ခြင်းမရှိပါ။

ယနေ့ ဇူလိုင်လ ၂၃ ရက် မြေပုံမြို့နယ် ကျေးတောကျေးရွာအုပ်စု ကျောက်မှော်ပိုက်ဆိပ်အား မီးရှို့ခံရကြောင်း၊ မြောက်ဦးမြို့နယ် တောင်မြင့်ကျေးရွာမှ မိသားစုတစ်စုသည် တိမ်ညိုကျေးရွာသို့ စက်လှေဖြင့်လာရောက်စဉ် စစ်တပ်က ပစ်ခတ်မှုကြောင့် ကျည်ဆံ ထိမှန်ကာ လက်ရှိ တိမ်ညိုဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း၊ ရသေ့တောင်မြို့နယ် ရန်အောင်ပြင်ကျေးရွာတွင်လည်း ရွာသားများအား စစ်တပ်က ဓမ္မာရုံတွင်စုခိုင်းကာ အိမ်ထောင်စုစာရင်းများ စစ်ဆေး ခဲ့ပြီးနောက် ကျောင်းဆရာမ တစ်ဦးအား ဆက်လက် စစ်ဆေးနေကြောင်း ရွာသားများ ပြောပြချက်အရသိရသည်။

ဆက်စပ် သတင်းများ