ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၂၄/ ၂၀၁၉
စစ်တပ်ကပစ်လိုက်သော ကျည်ထိမှန်၍ ဒဏ်ရာရရှိသွားသည့် မြောက်ဦး မြို့နယ် တောင်မြင့်ကျေးရွာမှ ဘိုသန်းထွန်း (၂၂) နှစ်သည် ယနေ့နံနက် ၉ နာရီ အချိန်တွင် သေဆုံးသွားသွားကြောင်း သိ၇သည်။
မောင်ဘိုသန်းထွန်း (၂၂) သည် တောင်မြင့်ကျေးရွာမှ ဦးမောင်မြစိန်၏ သားဖြစ်ပြီး ဇူလိုင်လ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် သူ၏ မိသားစုဝင်များနှင့် စပါးကြဲရန် စက်လှေဖြင့် လယ်ထဲသို့သွားစဉ် တိမ်ညိုဒိုင်ကွင်းမှ စစ်တပ်က လှမ်းပစ်ခတ်မှုကြောင့် ဒဏ်ရာ အပြင်းထန်ရရှိခဲ့ခြင်းဖြစ်ကြောင်း အိမ်နီးချင်းတစ်ဦးဖြစ်သူ ဦးစံဝေက ပြောသည်။
“မနေ့က ကျည်ဆံထိမှန်သွားတော့ ကျွန်တော်တို့ တိမ်ညို တိုက်နယ် ဆေးရုံကို တင်ခဲ့တယ်။ တိမ်ညိုကတစ်ဆင့် မြောက်ဦးဆေးရုံကို ချက်ချင်းပြောင်းတင်ခဲ့တယ်။ မြောက်ဦးဆေးရုံကလည်း စစ်တွေဆေးရုံကို ဆရာဝန်က ပြောင်းတင်လို့ ပြောပါတယ်။ စစ်တွေဆေးရုံကို တင်ဖို့ ကားပေါ်တင်တော့ သူအခြေနေ မကောင်းတော့ပါဘူး”ဟု ၄င်းက ဆက်ပြောသည်။
သေဆုံးသူမှာ စစ်တွေဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် ယနေ့နံနက် ၉ နာရီခန့်က သေဆုံးသွားခဲ့သည်။
“မိသားစုဝင်တွေကတော့ သိပ်ကျေနပ်ပုံမပေါ်ပါဘူး။ အပြစ်မရှိဘဲ အခုလို ဖြစ်သွားတော့ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး။ ကျွန်တော်က သူကျည်ဆံထိမှန်ကတည်းက သူ့ကိုဆေးရုံကို ပို့ပေးပြီး ကူညီပေးခဲ့တာပါ။ ရင်ထဲတော့ မကောင်းပါဘူး။”ဟု သူက ပြောသည်။
ဇူလိူင် ၂၃ ရက် နေ့လယ် ၁ နာရီခန့်က ဘိုသန်းထွန်းသည် အစ်မနှင့် ယောက်ဖဖြစ်သူ အပါအဝင် သူ၏ ညီတစ်ယောက်ဖြင့် စက်လှေပေါ်တွင် ကောက်မျိုးစပါးများအားတင်ပြီး လယ်ထဲ စပါးကြဲရန် သွားစဉ် တိမ်ညိုဒိုင်ကွင်းတွင် တပ်စွဲထားသော စစ်တပ်မှ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုအတွင်း ဘိုသန်းထွန်းတွင် ဦးခေါင်း၌ ကျည်ထိမှန်ခဲ့သည်ဟု အစ်မဖြစ်သူကပြောသည်။
လက်ရှိတွင် သေဆုံးသူအလောင်းအား မြောက်ဦးဆေးရုံအတွင် ရင်ခွဲရုံသို့ ပို့ဆောင်ထား၇ပြီး ဇူလိုင်လ ၂၅ ရက်နေ့ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိ၇သည်။