ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကချင်တွင် ဖမ်းဆီးခံထားရသည့် သားဖြစ်သူအတွက် စိုးရိမ်ကြောင်းဖခင်ဖြစ်သူ ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 8.6k

နိရဥ္စရာ၊ ဇူလိူင် ၂၄/ ၂ဝ၁၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ဖမ်းဆီးခံထားရသော သားဖြစ်သူ ကျော်နိုင်စိုးအတွက် စိုးရိမ်မိကြောင်း ဖခင် ဖြစ်သူ ဦးကျော်သိန်းမောင်က ပြောကြားသည်။

“ ကျွန်တော်သား အဖမ်းခံရတယ်လို့တော့ ကြားရပါတယ်။ မှတ်ပုံတင် နံပတ် လှမ်းတောင်းပါတယ်။ ပို့ပေးလိုက်ပြီးတဲ့နောက် အဲဒီနောက် မြစ်ကြီးနားကနေ နေပြည်တော်ကို ရောက်သွားပြီလို့ သိရပါတယ်။ ဖားကန့်မြို့နယ် ကျောက်မှော်မှာ သူ့အစ်ကိုဆီမှာ လုပ်နေတာ။ ဒီနှစ် တစ်ပေါင်းလက အစ်ကိုဆီကနေ ထွက်သွားတယ်လို့ သိရပါတယ်။ အခု ကျွန်တော်သားအတွက် အထူးစိုးရိမ်နေပါတယ် ” ဟု ဦးကျော်သိန်းမောင်က ပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ စပါးဆိပ်ကျေးရွာမှာ လှအောင်ထွန်း(ဘ)ဦးဒိုးအောင် နှင့် ကျော်နိုင်စိုး(ဘ) ဦးကျော်သိန်းမောင် တို့ ၂ ဦးသည် AA အဖွဲ့ဝင်းများဖြစ်ကြပြီး ထွက်ပြေးလာစဉ် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်  ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကယ်ရေး ဦးစီးချုပ်ရုံးမှ ယခုလ ၂၂ ရက်နေ့က သတင်းထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက်ထဲတွင် ၎င်းတို့ ၂ ဦးမှာ AA အဖွဲ့မှ ဖြစ်ကြောင်း၊  ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စပါးဆိပ်ကျေးရွာ နေသူများ ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ၂ဝ၁၉ ခုနှစ် မတ်လ အတွင်းက AA သို့ ရောက်ရှိသွားပြီး ၂လ သင်တန်းဆင်းပြီးနောက် (ဒေသအခေါ်)က ဒုံကစင်စခန်းသို့ ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၎င်းနောက်ယင်းစခန်းမှ ထွက်ပြေးလာကြောင်း ဖော်ပြထားသည်။

ဖခင်ဖြစ်သူ ဦးကျော်သိန်းမောင်က “ ကျွန်တော်နဲ့ အဆက်အသွယ် ပြတ်နေတာကြာပါပြီ။ ဘယ်လို ဖြစ်သွားတယ်ဆိုတာလည်း တိတိကျကျ မပြောတတ်ဘူး။ ဟုတ်လား/ မဟုတ်လားလည်း ကျွန်တော်တို့ မပြောနိုင်ဘူး။ စုံစမ်းလို့လည်း မရ ဖြစ်နေပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးခံသူ စပါးဆိပ်မှ လူငယ် ၂ ဦးတွင် နောက်တစ်ဦးဖြစ်သူ လှအောင်ထွန်းဆိုသူလည်း စပါးဆိပ်ရွာမှ ဖြစ်ကြောင်း၊ ၎င်း၏ ဖခင်ဖြစ်သူ ဦးဒိုးအောင်မှာ မလေးရှားတွင် လွန်ခဲ့သော လအနည်းငယ်က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ရွာသား တစ်ဦးက ပြောကြားသည်။

၎င်းတို့ နှစ်ဦးသည် တပ်သားအဆင့် ရှိသူများ ဖြစ်ကြပြီး ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၂၁ ရက် နံနက် ၈ နာရီချိန်ခန့်တွင် ဗန်းမော်မြို့ဘက်မှ မြစ်ကြီးနားမြို့ ဘက်သို့ ဦးဇော်လွင်(ဘ)ဦးကြီးငွေ မောင်းနှင်လာသော ကားကို ရပ်တန့်စစ်ဆေးရာမှ ဖမ်းမိခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ 

၎င်းတို့ နှစ်ဦး အား တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ