Preview

မေယူကမ်း ချွတ်ပြင်ရွာအနီး မိုင်းနှစ်လုံးပေါက်ကွဲ၊ လယ်ထွန်နေသည့် ရွာသား ၃ ဦးခေါ်ဆောင်ခံရ

ဇူလိုင် ၂၅/ ၂၀၁၉ | ကြည့်ရှုသူ :2605
ရခိုင် သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၂၅/၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း ချွတ်ပြင်ကျေးရွာနှင့် ပိတောက်မြို့ (နတလ) ကျေးရွာအကြား ယနေ့နေ့လယ် ၁၂ နာရီခန့်က မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီးနောက် အနီးအနားရှိ လယ်ထွန်နေသူ စေတီပြင် ကျေးရွာသား ၃ ဦးကို လုံခြုံရေး ဆောင်ရွက်နေသည့် တပ်နှင့်ရဲ ပူးပေါင်း စစ်ကြောင်း တစ်ခုက ခေါ်ယူသွားသည်ဟု သတင်းရရှိသည်။

ဖခင်ဖြစ်သူ ဦးမောင်ဘအေး (ကျေးရွာစာရေး) မှ“ အထက်နန်းရာနားမှာ လယ်ထွန်ရာကနေ ခေါ်ယူသွားတယ်လို့ သတင်းရတဲ့ အတွက် ကျွန်တော် စေတီပြင်ကနေ ချွတ်ပြင်ရွာကို လိုက်သွားပါတယ်။ တပ်က လူကြီးတွေနဲ့ရော စေတီပြင်စခန်းမှူးနဲ့ရောတွေ့ပါတယ်။ လမ်းပြအဖြစ် ခေါ်လာတာလို့ ပြောပါတယ်။ မစိုးရိမ်ပါနဲ့။ ပြန်လွတ်ပေးမယ်လို့တော့ ပြောပါတယ်” ဟု ဆိုသည်။

ခေါ်ယူခံ၇သူ ၃ ဦးမှာ ဦးမောင်ဘအေးသား မောင်ဆွေနွယ်၊ ရဲလင်းနိုင်နှင့် ၎င်း၏ ခယ်မဖြစ်သူ၏ သား ဝင်းဝင်းထွန်းတို့ ဖြစ်ကြောင်း သိရသည်။ 

မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ချွတ်ပြင်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမြက “ မိုင်းပေါက်သံတော့ ကြားပါတယ်။ ဒါပေမဲ့ ကျနော်တို့သွားပြီးမကြည့်ရဲဘူး။ ပေါက်သံကြားတဲ့နေရာနဲ့ ကျနော်တို့ရွာနဲ့ တစ်မိုင်လောက်ရှိမယ်ထင်ပါတယ်။ နီးတာက ပိတောက်မြိုင်နဲ့ နီးမယ်ထင်ပါတယ်” ဟု ပြောသည်။

မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စေတီပြင်နယ်ခြားစောင့်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ စခန်းမှူးက မိုင်းပေါက်ကွဲသည်ကို ၄င်းအနေဖြင့် ကြားသိရကြောင်း နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
 
“ပိတောက်မြိုင်နားမှာ ဖြစ်တယ်လို့တော့ ကြားပါတယ်။ ကျနော်လည်း အဲ့ဒီဘက်ကို မရောက် ဖြစ်သေးဘူး။ ဒါပေမယ့် အဲဒီမိုင်းကို ဘယ်သူထောင်တယ်ဆိုတာကိုတော့ လေ့လာ စုံစမ်းနေပါတယ်” ဟု စေတီပြင် နယ်ခြားစောင့် စခန်းမှူးက ပြောသည်။

ပိတောက်မြိုင်ကျေးရွာသို့ ဆက်သွယ်ရာ အရပ်လူကြီး တစ်ဦးက မိုင်း၂ လုံးပေါက်ကွဲခြင်းမှာ မှန်ကန်ကြောင်း၊ မိုင်းပေါက်ကွဲပြီးနောက် အမျိုးသမီးများနှင့် ကလေးငယ်များကို ရွာကို စွန့်ခွာထွက်ပြေးသွားကြကြောင်း ပြောကြားသည်။

အဆိုပါမိုင်းပေါက်ကွဲသည့်နေရာမှာ ချွတ်ပြင်ကျေးရွာနှင့် ပိတောက်မြိုင်(နတလ)ကျေးရွာကြားတွင် ဖြစ်ကြောင်း၊ လက်ရှိ ချွတ်ပြင်ရွာတွင် တပ်နှင့်ရဲက ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။
 
ထိုသို့မိုင်းပေါက်ကွဲမှုကြောင်း အနီးအနားမှ ကျေးရွာများဖြစ်သည့် ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည် ကျေးရွာသားများ အားလုံးနီးပါးမှာ ကြောက်လန့်ပြီး စေတီပြင်ရွာသို့ ထွက်ပြေး ခဲ့ကြကြောင်း ၎င်းတို့က ပြောသည်။
 
ပေါက်ကွဲခဲ့သည့်မိုင်းမှာ မည်သူထောင်သည့်မိုင်းဆိုသည်ကို မသိကြောင်း၊ မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လူထိခိုက်မှု ရှိ/မရှိ အတိအကျမသိရကြောင်း၊ ချွတ်ပြင်အုပ်ချုပ်ရေးမှူးက ပြောသည်။
 
၇သေ့တောင်မြို့နယ် အငူမော် -မောင်တော ကားလမ်း ကုန်တန်းအနီးတွင် ပြီးခဲ့သည့်ဧပြီးလ အတွင်းက မိုင်းသုံးလုံး ပေါက်ကွဲမှုလည်း ဖြစ်ပွားခဲ့ကြောင်းသိ၇သည်။

(ဓာတ်ပုံ- အထက်နန်းရာအထက် မေယူတောင်တန်း)

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.