Preview

ဘူးသီးတောင်မြို့နယ် ကျေးရွာ၄ ရွာထဲတွင်ပိတ်မိနေခဲ့သည့် သက်ကြီးရွယ်အို ၁၀ဦးအား ICRC မှကယ်ထုတ်

ဇူလိုင် ၃၀/ ၂၀၁၉ | ကြည့်ရှုသူ :5124
ရခိုင် သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၃၀/၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာ၊ ရှပ်ရှားတောင်၊ စံဂိုးထောင်နှင့် နွားရုံတောင် ကျေးရွာ ၄ရွာမှ ရွာတွင် ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေခဲ့သည့် သက်ကြီး ရွယ်အို ၁၀ ဦးအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC  မှ ဇူလိုင်လ ၂၈ ရက်နေ့က ကယ်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

မပြေးနိုင်မလွှားနိုင်ဘဲ ကျေးရွာအတွင်း ကျန်ရှိနေခဲ့သူများမှာ ဥယျာဉ်သာကျေးရွာမှ ဦးစိန်သာခိုင် ( ၈၂)နှစ်၊ ဦးမောင်ကျော်လှ (၇၂)နှစ်၊ ဦးမောင်လူကြီး (၇၄)နှစ်၊ ဦးဘတင် ( ၆၆) နှစ်တို့ဖြစ်ကြပြီး  ရှပ်ရှားတောင်ကျေးရွာမှ  ဦးလှညွန့် (၄၈)နှစ်၊ စံဂိုးထောင်ကျေးရွာမှ ဦးကျော်စိန် (၈၉)နှစ်၊ ဦးစောလှ (၈၈)နှစ်၊ ဒေါ်မနုစိန် (၈၀)နှစ်၊ ဒေါ်ဒါကြွဖြူ (၈ရ)နှစ်တို့ ဖြစ်ကြသည်။

နွားရုံတောင်ကျေးရွာမှ စောထွန်းဦး (၉၆)နှစ်၊ ဥယဉ်သာ ဆရာတော် ဦးသုမန သက်တော် (၄၉)နှစ် ဝါတော် (၁၂) ဝါ တို့ဖြစ်ပြီး  ၄င်းလူများကိုကယ်ထုတ်ယူပြီး ဘူးသီးတောင် ရန်အောင်မြေစစ်ရှောင်စခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး ရွာလုံးကျွတ် ကြောက်လန့် ထွက်ပြေးသွားကြပြီးနောက် မပြေးလွှားနိုင်ဘဲ ကျန်ရှိနေခဲ့သည့်  ဆရာတော်တစ်ပါးနှင့် လူအို ၁၀ ဦးတို့အား ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၁ခန့်က ICRC မှကားဖြင့် သွားရောက်ကယ်ထုတ် ခဲ့ခြင်းဖြစ်ပြီး ၄င်းသက်ကြီး ရွယ်အိုများမှာ ယခုလက်ရှိတွင် ဘူးသီးတောင်မြို့ ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေကြောင်း ရန်အောင်မြေ ဆရာတော်ဘုရားက နိရဥ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

“ICRC က သွားကယ်ထုတ်တဲ့ ဒီလ ၂၈ ရက် အချိန်က ၁၁ နာရီလောက်ကသွားကြတယ်။ ဦးဇင်းကျောင်းကိုတော့ ညနေ၂ နာရီကျော်လောက်ကရောက်တယ်။ ဒီကနေ့ သူတို့ရဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီကို သွားချင်တယ်ဆိုလည်း ဒီကနေလိုက်ပို့ပေးလိုက်မယ်” ဟု ရန်အောင်မြေ ကျောင်း ဆရာတော်က မိန့်ကြားသည်။

ထိုသို့သွာရောက်ကယ်ထုတ်ခဲ့သည့် ICRC သို့ မည်သို့ကယ်ထုတ်ခဲ့ရသည်နှင့် မည်သည့် အတွက်ကြောင်း ကယ်ထုတ်ပေးသည်ကို နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ICRC ရန်ကုန်ရုံးမှ ကိုဇော်ဝင်းက “ကယ်ထုတ်တဲ့လုပ်ငန်းစဉ်ကို ဘေးအန္တရာယ်မရှိအောင်လုပ်ရဖို့ အဆင့်တွေအများကြီးရှိခဲ့ပါတယ်။ အဓိကကတော့ လုံခြုံရေးနဲ့ဘေးကင်းရေးပါ။ အသက်ကြီး ပိုင်းတွေဖြစ်တဲ့ အဲ့ဒီလူကြီးတွေဟာ ပဋိက္ခရဲ့ရှေ့တန်းနေရာမှာရောက်နေခဲ့ကြတဲ့အတွက် ကြိုတင်ကာကွယ်ဆောင်ရွက်မှုတွေအကုန်လုံး မဖြစ်မနေလုပ်ခဲ့ရပြီး၊ အာဏာပိုင်တွေနဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ရပါတယ်။ ဒါမှ ကယ်ထုတ်ခံရတဲ့ အရပ်သားတွေရော မိမိတို့ကြက်ခြေနီအဖွဲ့ဝင်တွေပါ ဘာအန္တရာယ်မှမဖြစ်မှာပါ။ မြှေမြှုပ်မိုင်းတွေလည်း ဒီနေရာတွေမှာ အမြဲရှိနေနိုင်တာမို့ ဒီကိစ္စတွေကိုလည်းမကြုံရအောင် သတိထားပြီးလုပ်ခဲ့ရပါတယ်။ နောက်ဆုံးကတော့ အဲ့ဒီလူတွေရဲ့အသက်အပိုင်းအခြားပါ။ သူတို့ထဲက အများစုက အသက် ၈၀ ကျော်တွေဖြစ်ကြတော့ ပိုပြီးတော့ ဂရုတစိုက်လုပ်ဆောင်ခဲ့ရပါတယ်ဟု ပြောသည်။

ICRCမှ ကယ်ထုတ်လာသည့် သက်ကြီးရွယ်အို ၁၀ဦးအား ဦးစွာပထမ ဘူးသီးတောင်ဆေးရုံသို့ ကျန်းမာရေး အခြေအနေ စစ်ဆေးရန် ပို့ဆောင်ခဲ့ကြောင်း၊ ထိုမှတဆင့် ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းတွင် ရှိသည့် စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းသို့ပို့ဆောင်ပေးခဲ့ကြောင်း ကိုဇော်ဝင်းက ပြောသည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.