ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇူလိူင် ၃၁/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရား အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ယနေ့ ညနေ ၅ နာရီကျော်က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။
ဒဏ်ရာရရှိသွားသူ အမျိုးသားမှာ မဟာမုနိဘုရားဂေါက ဥက္ကဋ္ဌ ဦးညိုသာလှ၏ မြေး ကျော်သက်ထွန်း (၂၅) နှစ်နှင့် မဟာမုနိ ဘုရား အနီးတွင် နေထိုင်သူ မအေးမြင့် (၂၄) နှစ်တို့ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဦးညိုသာလှက “ ဒီနေ့က ဥပုတ်နေ့ဆိုတော့ ကျွန်တော်က ဘုရားမှာ တာဝန်ကျတယ်။ ကျွန်တော်မြေးက ကျွန်တော်ရဲ့ လိုအပ်တဲ့ပစ္စည်းတွေကို လာပို့တယ်။ လာပို့တဲ့အချိန်မှာ သေနတ်သံတွေကြားရတယ်။ ဆိုတော့ သူ့ကို မင်းခပ်မြန်မြန်ပြန်၊ သေနတ်သံတွေ ကြားရတယ်ဆိုပြီး ပြောတယ်။ သူက ဆိုင်ကယ်နဲ့ ပြန်တယ်။ အဲသလို ပြန်တဲ့ အချိန်မှာဘုရားရဲ့ အနောက်ဘက် မုဒ်မှာ စစ်သားတွေက အတွင်းရော၊ အပြင်ရော အပြည့်ရှိတယ်။ အဲဒီကနေ ဆိုင်ကယ်ကို လှမ်းပစ်တယ်လို့ သိရတယ်။ ဒဏ်ရာရသွားတယ်ဆိုတာ ကျွန်တော်က အိမ်က လှမ်းအကြောင်းကြားမှ ကျွန်တော်မြေးဖြစ်နေတယ်ဆိုတာ သိရပါတယ်” ဟု ပြောကြားသည်။
ဦးညိုသာလှ၏ မြေးဖြစ်သူ ကျော်သက်ထွန်းတွင် နောက်ကျောကို ကျည်ရှပ်ထိသွားပြီး လမ်းကို ဖြတ်ကူးသူ မအေးမြင့်တွင် ညာဘက် လက်မောင်းကို ကျည်ထိမှန်သွားခဲ့သည်ဟု ဆိုသည်။
“ အခု သူတို့ နှစ်ဦးစလုံးကို ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားရပါတယ်။ ဒဏ်ရာကတော့ စိုးရိမ်ရတဲ့ အနေအထားမှာ မရှိဘူးလို့ သိရပါတယ်” ဟု ဦးညိုသာလှက ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးအား ဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးပါ။
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ တိုက်ပွဲမှာ မဟာမုနိ ဘုရား အရှေ့ဘက် တစ်မိုင်ခန့်အကွာ တက်လမ်းတောင်ဆိုတဲ့ နေရာမှာ မြန်မာတပ်မတော်နဲ့ ရက္ခိုင်တပ်တော်တို့ အကြား ဖြစ်ပွားခဲ့တာပါ။ ညနေ ၅ နာရီကျော်ကနေ ၄၅ မိနစ်လောက် ဖြစ်ပါတယ်။ အခုအချိန်ထိ လက်နက်ကြီး ပစ်သံတွေကို ကြားရပါတယ်” ဟု ညနေ ရ နာရီကဆက်သွယ် မေးမြန်းစဉ် ပြောကြားသည်။
၎င်းပြင် ဇူလိူင် ၃၁ ရက်နေ့ ကလည်း မြောက်ဦးမြို့နယ် ဘုရားကြီးအနီး တစ်ဝိုက်တွင် မိုင်းပေါက်ကွဲခဲ့ပြီး မြောက်ဦးမြို့ထွက်၀ အုတ်ဖော်ကန် အနီး သရက်တစ်ပင်ကွေ့တွင်လည်း မိုင်းပေါက်ကွဲခဲ့မှုများရှိခဲ့သည်ဟု ၎င်းက ပြောဆိုသည်။
၎င်းပြင် မင်းပြားမြို့နယ် မြင်းကဆိပ်ကျေးရွာ အရှေ့ဘက် တစ်မိုင်ခွဲခန့်အကွာ ငတက်ကေ တောင်တန်း မိုးချောင်းသို့ အဆင်းတွင် နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခွဲထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု မြင်းကဆိပ် ရွာသား တစ်ဦးက ပြောကြားသည်။
မြင်းကဆိပ်ကျေးရွာတွင် အိမ်ခြေ ၂၂၈ ဆောင်ရှိပြီး တိုက်ပွဲ ဖြစ်နေစဉ် အတွင်း ရွာသားများအနေဖြင့် ထွက်မပြေးဘဲ အိမ်ထဲတွင် ပုန်းခိုနေကြသည်ဟု ၎င်းက ပြောဆိုသည်။