အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

စစ်တွေမြို့နယ် အမြင့်ကျွန်းမင်းချောင်းတံတားတွင် ပစ်ခတ်မှုဖြစ်၍ ၁ ဦးသေ၊ ၁ဦးအဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 3.4k

သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်၊ အမြင့်ကျွန်း မင်းချောင်း တံတားပေါ်တွင် ယမန်နေ့ ညဉ့်အချိန်က စစ်တပ်က ပစ်ခတ်၍ အသက် ၂၆ အရွယ် လူငယ် တစ်ဦးသေဆုံးပြီး တစ်ဦးအဖမ်းရသည်ဟု မိသားစုများက ပြောသည်။

သေဆုံးသူမှာ ချစ်သူအောင် (၂၆) နှစ် (ဘ) ဦးဝင်းအောင် (မိ) ဒေါ်အေးနှင်းဖြစ်ပြီး စစ်တွေမြို့နယ် အမြင့်ကျွန်း ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ အဒေါ်ဖြစ်သူ ဒေါ်ရွှေနှင်းဆီက “ အခု ကျွန်မတို့ စစ်တွေဆေးရုံကို ရောက်နေပါတယ်။ စခန်းမှူးက အလောင်း ဆေးရုံကို ရောက်နေတယ်လို့ အကြောင်း ကြားတဲ့ အတွက် လာကြတာပါ။ မနေ့က ညဉ့် ၁၁ နာရီလောက်မှာ အလုပ်ပြီးလို့ ဆိုင်ကယ်နဲ့ သူတို့နှစ်ဦး အိမ်အပြန်မှာ မင်းချောင်းတံတားပေါ်မှာ စစ်တပ်က သေနတ်နဲ့ ပစ်လို့  ချစ်စုအောင် သေဆုံးသွားပါတယ်။ ကျွန်မတို့မိသားစုကို ဘယ်သူမှ အကြောင်းမကြားဘူး။ ဒီကနေ့ မနက် ၈ နာရီမှ သိရတာပါ” ဟု ပြောကြားသည်။

သေဆုံးသူ ချစ်သူအောင်မှာ တစ်ဦးတည်းသော သားယောက်ျားဖြစ်ပြီး ဖခင်ဖြစ်သူမှာ တပ်မတော်မှ အငြိမ်းစားဟု သိရသည်။ အဖမ်းခံရသူ မျိုးကျော်ဦးမှာ သေဆုံးသူ ချစ်သူအောင် အစ်မ၏ လင်ယောကျ်ား ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပုဏ္ဏားကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမောင်က ၄င်းအနေဖြင့် ပုဏ္ဏားကျွန်းမြို့နယ် ဒု အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းခဲ့ရာ ထိုသတင်းအား ဒုမြို့နယ် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့်  ကြားသိရကြောင်း ပြောဆိုသည်။

ထိုဖြစ်စဉ်အား  ပုဏ္ဏားကျွန်းမြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းအား ဆက်သွယ် မေးမြန်းခဲ့ရာ ၄င်းအနေဖြင့် အသေးစိတ်မရသေးကြောင်း၊ အကြမ်းဖျင်းသာ သိရသေးကြောင်း အတည်ပြု ပြောသည်။

“ ကျနော်ဆီကို ရဲကလည်း မတက်လာသေးဘူး။ ရဲကတက်လာမှဘဲ ကျနော်တို့သိမယ်။ ဘယ်လိုဖြစ်လဲ ဘယ်အချိန် ဖြစ်လည်း ကျနော်တို့တော့ မသိသေးဘူး။ ကြားတော့ကြားမိပါတယ်” ဟု ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်း ကနိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဆက်လက်ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်းသို့ ဆက်သွယ်ခဲ့ရာ ရဲမှူး ငြိမ်းချမ်းက ၄င်းတို့ထံ ယနေ့နံနက်ပိုင်းက အမြင့်ကျွန်းစခန်းမှ လူတစ်ဦး လာအပ်သွားကြောင်းပြောသည်။

ရဲမှူးငြိမ်းချမ်းက “ ဒီမနက် ကျနော်တို့ဆီကို အမြင့်ကျွန်း စခန်းက တစ်ယောက်လာအပ်သွားတယ်။ ညမထွက်ရအမိန့် ၁၄၄ ကျူးလွန်တာဖြစ်တဲ့အတွက်ကြောင့် ကျတော်တို့ဆီအပ်သွားတယ်။ ကျနော်တို့က အဲလောက်ဘဲ။ ဟိုဟာဖြစ်တယ်။ ဘာအပ်သွားတဲ့ တစ်ယောက်ကလည်း ဘယ်ကလဲ ကျနော်မသိသေးဘူးဗျ” ဟု ပြန်လည် ဖြေကြား သည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ယနေ့ နံနက် ၁၁ နာရီ မိနစ် ၂ဝ က ဆက်သွယ်ရာ ဖုန်းမအားသေးသဖြင့် လက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ