စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် ကျောက်တန်းရွာအနီးတိုက်ပွဲဖြစ်၊ အရပ်သား ၂ ဦးကျည်ဆံထိမှန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 9.6k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၂/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် ယနေ့ နေ့လယ်က တိုက်ပွဲ ဖြစ်ပွား၍ အရပ်သား ၂ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူများမှာ ကိုဘသန်း (၂၄) နှစ်ဖြစ်ပြီး နောက်တစ်ဦးမှာ အမျိုးသမီးငယ် တစ်ဦးဖြစ်သူ မသိန်းသန်းဦး (၁၄) နှစ် ဖြစ်ကြောင်း၊ ယခု ကျောက်တော်မြို့နယ် ဆေးရုံတွင် ဆေးကုသနေရကြောင်း သိရသည်။

ကိုဘသန်းအစ်မ ဖြစ်သူ ဒေါ်မသိန်းဦးက “ ကျွန်မမောင်လေးမှာ ဒဏ်ရာရပါတယ်။ အခု ကျောက်တော် ဆေးရုံကို ယူသွားပြီး သွေးသွင်းနေရပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ အတွက် အခု စစ်တွေဆေးရုံကို ယူဆောင်ဖို့ လုပ်နေပါတယ်” ဟု ပြောကြားသည်။

ဘသန်းသည် တိုက်ပွဲဖြစ်စဉ် ရွာသင်္ချိုင်းအနီးတွင် နွားကျောင်းနေရာမှ သေနတ်ကျည်ဆံ ထိမှန် ဒဏ်ရာရသွားခြင်း ဖြစ်သည်ဟု ပြောသည်။

“ ဒီနေ့ နေ့လယ် ၁ နာရီကျော်မှာထင်ပါတယ်။ ကျွန်မတို့ရွာအဆုံးမှာ တိုက်ပွဲ ဖြစ်ပါတယ်။ ကျွန်မတို့ ရွာသားတွေအကုန်လုံး ကြောက်ပြီး အိမ်မှာ ပုန်းနေကြပါတယ်။ ဘယ်လို လုပ်ပြီး ကျွန်မမောင်လေးမှာ ကျည်ဆံထိမှန်သွားသလဲဆိုတာ ကျွန်မတို့ မသိပါဘူး။ ကျွန်မမောင်လေးက ကျည်ဆံထိပြီးလဲနေတယ်လို့ ပြောပါတယ်။ ရွာသားတစ်ယောက်က သွားပွေ့ယူပြီး ဆေးရုံကို ပို့ရတာ ဖြစ်ပါတယ်။ အခု စစ်တွေကို သွားဖို့ လုပ်နေတာမို့ မအားဖြစ်နေပါတယ်။ နောက်မှ မေးပါ” ဟု သူမက ပြောကြားသည်။

ဒေါ်မသိန်းဦးတို့တွင် နွားတစ်ကောင်လည်း တိုက်ပွဲထဲတွင် သေဆုံးသွားခဲ့သည်ဟု ပြောသည်။

မသိန်းသန်းဦ (၁၄) နှစ်မှာလည်း နွားကျောင်းနေစဉ် ခြေသလုံးကို ကျည်ဆံထိမှန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲမှာ ကျောက်တော်မြို့နယ် ကျောက်တန်းရွာနှင့် ဝက်မိုင်းရွာအကြား တံတားအနီတွင် ဖြစ်ပွားခဲ့ပြီး မိနစ် အနည်းငယ်ခန့် အပြန်အလှန် ပစ်ခတ်ကြသည်ဟု ရွာသား တစ်ယောက်က ပြောဆိုသည်။

ဒဏ်ရာ ရရှိသွားသူများနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူလိုသဖြင့် ကျောက်တော်မြို့မ ရဲစခန်းမှူးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

ဆက်စပ် သတင်းများ