Preview

မင်းပြားမြို့နယ် တံခွန်တိုင်ရွာအနီး တိုက်ပွဲပြင်းထန်၊ ဒေသခံကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်

သြဂုတ် ၀၂/ ၂၀၁၉ | ကြည့်ရှုသူ :4407
ရခိုင် သတင်း

နောင်ခိုင်အောင်
နိရဥ္စရာ၊ သြဂုတ် ၂ ရက်/၂၀၁၉

ရခိုင်ပြည်နယ် မင်းမြို့နယ် ကုလားမတောင်ကျေးရွာ၏ အရှေ့ဘက် တံခွန်တိုင်ရွာအနီး ပေါမြောင်ချောင်း၀နားတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်မှစ၍ ၃ နာရီ ၁၀ မိနစ်ခန့် အချိန်ထိ မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခဲ့သဖြင့် အနီးအနားမှ ကျေးရွာသားများ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီး လက်နက်ငယ်တွေ အပြန်အလှန်  ပစ်ခတ်ကြတယ်။ လက်နက်ကြီးတွေ တော်တော်ထုနေတယ်။ အလုံး ၂၀ လောက်ရှိပြီ။ တိုက်ပွဲဖြစ်တာပါ။ အတိအကျဖြစ်နေကြတာ။ ကျွန်တော်တို့နဲ့ ၁ မိုင်ကျော်လောက်ပဲဝေးပါတယ်။ ဒီလိုမျိုးဖြစ်နေကြလို့ ရွာထဲက အထူးသဖြင့် ယောကျာ်းလေးတွေဆိုရင် ရွာမှာမနေရဲတော့ဘူး။ တစ်ခုခုဆိုရင် အဖမ်းခံရမှာ ကြောက်လို့ ထွက်ပြေးနေကြပါတယ်” ဟု ချောင်းဆိပ ်ကျေးရွာသားတစ်ဦးက ပြောသည်။

ယနေ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးတွင် သလူချောင်၊ တံခွန်တိုင်၊ ချောင်းဆိပ်၊ တောတန်း၊ ဒုံကြီးကျေးရွာ၊ မြင်းကဆိပ်နှင့် ဝါးတောင်စသည့် ကျေးရွာများတည်ရှိပြီး  တံခွန်တိုင် ကျေးရွာသည် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အနီးဆုံးဖြစ်ကြောင်း  ဒေသခံများက ပြောသည်။

“အခုတိုက်ပွဲဖြစ်တာကတော့ တံခွန်တိုင်ကျေးရွာနဲ့ အနီးဆုံးနေရာပါ။ ကုလားမတောင်ရွာကတော့ အရင်တစ်ခေါက်တိုက်ပွဲဖြစ်ကတည်းကနေ ရွာသားတွေမရှိတော့ဘူး။ အကုန်လုံးထွက်ပြေးကုန်ပြီ။ အခုလည်း ဒီရွာတွေရဲ့အနားမှာဖြစ်တာဆိုတော့ ရွာသားတွေကအကုန်လုံးကြောက်နေကြပြီ။ ရွာထဲကိုစစ်သားတွေဝင်လာရင် AA ရှိလား၊ သောင်းကြမ်းသူတွေကိုထမင်းကျွေးလား ဘာညာမေးတယ် ” ဟု ချောင်းဆိပ်ရွာသားတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသဖြင့် ကြောက်လှန့် စိုးရိမ်ပြီး ဖုန်းများ ပိတ်ထားကြ၍ တစ်ရွာနှင့် တစ်ရွာ အဆက်အသွယ်လုပ်ရန်လည်း အဆင်မပြေ ဖြစ်နေသည်ဟု  ၎င်းက ဆိုသည်။

အမည်မဖော်လိုသူ ချောင်းဆိပ်ကျေးရွာသားတစ်ဦးက “ တခြားရွာတွေရဲ့အခြေအနေတွေကို မေးမြန်းဖို့အတွက် ဆက်သွယ်ဖို့ကလည်း တော်တော် ခက်ပါတယ်။ အဲဒီဘက်မှာ စစ်ကြောင်းတွေ ရှိတယ်ဆိုတော့ အကုန်လုံးက ဖုန်းတွေကို စက်ပိတ်ထားကြတယ်။ တိုက်ပွဲကလည်း ပြင်းထန်တယ်ဆိုတော့ ဘာတွေဖြစ်နေကြပြီးလဲဆိုတာကို စိုးရိမ်တယ်” ဟု ပြောသည်။

အဆိုပါတိုက်ပွဲကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းဆက်ရာ စက်ပိတ်ထားသည်ဟု အကြောင်းပြန်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဖုန်းရိန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

ရက္ခိုင့်တပ်တော် (AA)  ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာ “အဲဒီ တိုက်ပွဲ အကြောင်းကို ကျနော်လောလောဆယ် မသိသေးဘူးဗျာ။ ကျနော် မေးကြည့်လိုက်ပါ။ နောက်ထပ် တစ်နာရီလောက် ဆိုရင် ဆက်လို့ရပါတယ် ” ဟု ပြောသည်။

ယနေ့တွင် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာ ပေါမြောင်ချောင်း၀အနီးတွင်သာမက  ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာနှင့် ဝက်မှိုင်းကျေးရွာကြားတွင်လည်း မိနစ် အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားဖြစ်ကြောင်း သိ၇သည်။

( ကုလားမတောင်ရွာသားများ ထွက်ပြေးနေကြစဉ်/ဓာတ်ပုံ- အရှင်သဘာ၀နဒီ)

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.