ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မြန်မာတပ်မတော်နှင့် AA တို့ မင်းပြားမြို့နယ်တွင် တစ်နေကုန် တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 2.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သလူချောင်းကျေးရွာနှင့် ကုလားမတောင် ကျေးရွာ အကြားတွင် မြန်မာတပ်တော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

ဒေသခံ တစ်ဦးက “ ဖြစ်တာက ဒီကနေ့ မနက် ၈ နာရီခွဲကနေ စဖြစ်ပါတယ်။ ညနေ ၅ နာရီကျော်မှ သေနတ်သံတွေရပ်သွားပါတယ်။ ဖြစ်တဲ့နေရာက သလူချောင်းကျေးရွာနဲ့ ကုလားမတောင် ကျေးရွာအကြား မင်းမူးတောင်ခြေရင်းမှာ ဖြစ်ကြတာပါ။ လက်နက်ကြီးရော လက်နက်ငယ်သံရော ကြားရပါတယ်” ဟု ပြောသည်။

တိ်ုက်ပွဲမှ နှစ်ဖက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြကြောင်း၊ အသေအပျောက် အကျအဆုံးကို ၎င်းတို့ အနေဖြင့် မသိရှိရကြောင်း ပြောကြားသည်။

တိုက်ပွဲကြောင့် အနီး၌ရှိ ကျေးရွာများဖြစ်ကြသည့် သလူချောင်းကျေးရွာနှင့် စိတ္တရကျေးရွာမှ ကျေးရွာသားများ ရွာလုံးကျွတ် ကြောက်လန့် ထွက်ပြေးကြကြောင်း စိတ္တရကျေးရွာသား တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

“သလူချောင်းကျေးရွာနားမှာ တောင်ဘက်ပါ၊ မြောက်ဘက်ပါ နှစ်ဘက်လုံးဖြစ်နေတာပါ။ ကျနော်တို့ စိတ္တရရွာက သလူချောင်းရွာနဲ့တဘက်တကမ်းပါ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျနော်တို့ ရွာနဲ့က တစ်မိုင်လောက်ဘဲရှိတာ။ သလူချောင်းရွာက လူတွေကိုဖုန်းခေါ်လို့လည်းမရ။ စုံစမ်းလို့လည်းမရ။ ရွာထဲမှာတစ်ယောက်လဲမရှိတော့ဘူး။ သလူချောင်းကျေရွာက ဘုန်းကြီး အပါအဝင် ရွာကလူတွေတစ်ယောက်မကျန် အကုန်လုံး ပြေးသွားပြီလို့ သိရပါတယ်” ဟု ၎င်းစိတ္တရ ကျေးရွာသားတစ်ဦး ကပြောသည်။

တိုက်ပွဲကြောင့် ကျေးရွာသားများ ကြောက်လန့်ပြီးရွာလုံးကျွတ် ထိုသို့ထွက်ပြေးနေကြရကြောင်း၊ စိတ္တရကျေးရွာမှ အသက်ကြီးပိုင်းများမှာ ၄င်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပုန်းနေကြရပြီး  ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ကလေးအမေများနှင့် ကလေးငယ်များမှာ မင်းပြားနှင့် သေကံကျေးရွာများဘက်သို့ ထွက်ပြေးလာနေကြကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာ သလူချောင်းဘက်သို့ မင်းပြားမြို့ကျိန်းတောင်ပေါ်မှနေ၍ ှ လက်နက်ကြီးများဖြင့် တပ်မတော်ဘက်မှ ၈ လုံးခန့် ပစ်ခတ်ခဲ့ကြောင်း မင်းပြားမြို့ခံ တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် အခြေအနေအား အသေးစိတ်စုံစမ်းမေးမြန်းရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနမှ ယနေ့ ညနေ ၃နာရီခန့်က ဆက်သွယ်ခဲ့ရာ ဖုန်းမအား ဖြစ်နေသဖြင့် မေးမြန်း တင်ပြနိုင်ခြင်းမရှိသေးပါ။

ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ အား မေးမြန်းရာ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ဟုတ်မှန်ကြောင်း၊ သြဂုတ် ၂ရက်နေ့ကလည်း မြို့နယ် ၅ ခုတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ပြောကြားသည်။

သြဂုတ်လ ၂ရက်နေ့ မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာ၏ အရှေ့ဘက် တံခွန်တိုင်ရွာအနီး ပေါမြောင်းချောင်းဝနားတွင် မွန်းလွဲ ၂နာရီခန့်ကနေစပြီး ၃နာရီ ကျော်အထိ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AAတို့ကြား ပြင်းထန်စွာ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ