Preview

တိုက်ပွဲကြားက မြင်းကဆိပ်ကျေးရွာ ရိက္ခာပြတ်လပ်

သြဂုတ် ၀၄/ ၂၀၁၉ | ကြည့်ရှုသူ :2228
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၄/ ၂၀၁၉

တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မင်းပြားမြို့နယ်၊ မြင်းကဆိပ်ကျေးရွာတွင် လက်လုပ်လက်စားများအနေဖြင့် ရိက္ခာပြတ်လပ်ကာ အခက်အခဲကျရောက်နေကြောင်း သတင်းရရှိသည်။

“ ကျွန်တော်တို့ရွာက လက်လုပ်လက်စားတွေ တောင်ကို တက်လို့လည်းမရဘူး။ ချောင်းကိုဆင်းပြီး ငါးရှာလို့လည်း မရဘူး။ ဒီလို ဖြစ်နေတာက အနီးအနားမှာ တိုက်ပွဲ တွေဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ အပြင်ကိုထွက်ပြီး အလုပ်မလုပ်နိုင်တာ ဧပြီလကတည်းက ဆိုတော့ အခု သုံးလကျော် ရှိနေပါပြီ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နုက ပြောသည်။

မြင်းကဆိပ် ကျေးရွာတွင် အိမ်ထောင်စု ၂၃၈ စုရှိပြီး ရွာလူ လူဦးရေမှာ ၁၂၈၀ ယောက်ရှိကြောင်း၊ ထိုအထဲမှ  အိမ်ထောင်စု ၁၃၃ စု၊ လူဦးရေ ၅၂၆ ယောက်မှာ ရိက္ခာပြတ်လပ်ပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေသည်ဟု ပြောသည်။

“ အလုပ်မရှိတဲ့ ကျဘမ်း လုပ်နေကြတဲ့သူတွေ ရိက္ခာပြတ်လာပြီး အခက်အခဲ ဖြစ်နေကြပါတယ်။  အလုပ်လည်း မလုပ်ကြရတော့ ရှေ့မှာပိုပြီး အခက်အခဲ တွေ့လာနိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
 
ဇူလိူင်လ ၂၇ ရက်နေ့ကလည်း မြင်းကဆိပ်ကျေးရွာမှ အနီးအနားရှိ တောင်တန်းသို့ အရဲစွန့်ကာ မျှစ်ချိုးသွားသည့် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၄ ဦးတို့ကို စစ်တပ်က ယာယီ ထိန်းသိမ်းခဲ့ပြီး ညနေပိုင်းတွင် ပြန်လွတ်ပေးခဲ့သည်။

“ သူတို့က တောင်ပေါ်သွားပြီး မျှစ်ချိုးဖို့သွားကြတယ်။ ဆင်းရဲကြတော့ မျှစ်တွေကို ချိုးပြီး ရောင်းချဖို့သွားကြတာပါ။ အဲဒီနေ့က ကုလားမတောင်အနီးမှာ တိုက်ပွဲ ဖြစ်တော့ စစ်တပ်က သူတို့ကို ထိန်းသိမ်း ညနေပိုင်းမှ ပြန်လွှတ်လိုက်ပါတယ်။ ခုလို ဖြစ်နေတော့ ဘယ်သူမှ တောင်နားကို မသွားရဲကြပါဘူး” ဟု ကျေးရွာသား တစ်ဦးဖြစ်သူ ကိုအောင်ဘက ပြောကြားသည်။

ဇူလိူင် ၃၁ ရက်နေ့ကလည်း မြင်းကဆိပ်ကျေးရွာ အရှေ့ဘက်  တစ်မိုင်ခွဲခန့်အကွာ ငတက်ကေ တောင်တန်း အဆင်း မိုးချောင်းထဲတွင် နေ့လယ် ၁၂ နာရီမှ  နေ့လယ် ၁နာရီခွဲထိ AA နှင့် တပ်မတော် စစ်ကြောင်း တစ်ခုတို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ကျေးရွာသားများက ပြောကြားသည်။

အဆိုပါ မြင်းကဆိပ် ကျေးရွာအနီးရှိ ကုလားမတောင်ကျေးရွာအနီးတွင်လည်း ဇူလိူင် ၂၇ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သြဂုတ် ၃၁ ရက်နေ့တွင် မြင်းကဆိပ်ရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ၊ သြဂုတ် ၂ရက်နေ့တွင် တံခွန်တိုင်ရွာအနီးတွင် ဖြစ်ပွားကာ  သြဂုတ် ၃ ရက်နေ့တွင် သလူချောင်းနှင့် ကုလားမတောင် ရွာအကြားတို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ တိုက်ပွဲများ နေ့စဉ် ရက်ဆက်ဖြစ်ပွားနေသဖြင့် အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ကုလားမတောင်ကျေးရွာသား ၂၀၀၀ ခန့်မှာ ရွာကို စွန့်ခွာထွက်ပြေးသွားကြသလို ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် သလူချောင်းကျေးရွာသားများနှင့် စိတ္တရ ကျေးရွာသားများလည်း ရွာကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု သိရသည်။

အဆိုပါ မြင်းကဆိပ်ကျေးရွာသားများ ရိက္ခာ အခက်အခဲ ကျရောက်နေခြင်းနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ အမျိုးသား တစ်ဦးက ဖုန်းကိုင်သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး အပြင်သို့သွားသည်ဟုဆိုကာ ဖုန်းချသွားခဲ့သဖြင့် မြို့နယ်အာဏာပိုင်များ၏ သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

(မင်းပြားနယ်မှ ရွာကို စွန့်ခွာထွက်ပြေးနေကြသူများ/ ဓာတ်ပုံ - အမ်းသားကြီး)

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.