- Web Master
- ၂၇ ဇွန် ၂၀၂၃
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၅/ ၂ဝ၁၉
ရခိုင်ပြည်နယ်မှ သမိုင်းဝင် ဘုရားတစ်ဆူ ဖြစ်သည့် ကျောက်တော် မဟာမုနိ ဘုရား ပရိဝုဏ်ထဲ နေရာယူ တပ်စွဲထားသည့် စစ်သားများကို မချထားရန် ကျောက်တော်မြို့နယ် သံဃနာယက အဖွဲ့မှ ကျောက်တော် တပ်မမှူးဆီကို စာရေးပြီး မေတ္တာရပ်ခံလိုက်သည်ဟု သတင်းရရှိသည်။
ကျောက်တော်မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ကသစ်တောကျောင်းဆရာတော် ဦးသောဘိတက “ မဟာမုနိဘုရားက ကျောက်တော်နယ်မြေမှာ တည်ရှိတော့ စကခ၉ တပ်မမှူးဆီကို သြဝါဒ စရိယ ဆရာတော်တွေ၊ မြို့နယ် သံဃနာယက ဆရာတော်တွေနဲ့ ဘုရားဂေါကအဖွဲ့ကနေ မေတ္တာ ရပ်ခံစာ ပေးပါတယ်။ ဘုရားပရိဝုဏ်အတွင်း၊ သာသနိက နယ်မြေအတွင်း တပ်တွေကို မချထားဖို့ မေတ္တာရပ်ခံတယ်လေ။ အခုဆို ဘုရားဖူးတွေလည်း ကြောက်ပြီး ဘယ်သူမှ မလာကြတော့ဘူး။ အလားအလာမရှိတော့ ဘုရားလည်း ခြောက်ကပ်နေပြီ” ဟု မိန့်ကြားသည်။
သြဂုတ်လ ၄ ရက်နေ့က မဟာမုနိ ဂေါပက အဖွဲ့မှ မြို့နယ် သံဃနာယက ဆရာတော်များကို ဘုရင်ရင်ပြင်တော်သို့ ပင့်ဖိတ်ပြီး ဘုရားပရိဝုဏ်အတွင်း စစ်တပ်က နေရာယူထားသည်ကို လျှောက်ထားခဲ့သည်ဟု သိရသည်။
“ အခက်အခဲတွေ ကြုံနေတယ်။ မဟာမြတ်မုနိ ဆိုလို့ရှိရင် ရခိုင်တစ်ပြည်လုံး အထွဋ်အမြတ် ထားတဲ့ နေရာဖြစ်တယ်လေ။ ခါတိုင်း ဆိုရင် ရဟန်းရှင်လူတွေက ဘုရားဖူးလာကြတယ်။ အခုသူတို့ကို ကြောက်ပြီး ဘယ်သူမှ မလာကြတော့ ဒါကမဖြစ်သင့်ဘူးလို့ဆရာတော်ကြီးတွေက ယူဆတဲ့ အတွက် တပ်မမှူးဆီကို မေတ္တာရပ်ခံစာပို့ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
မဟာမုနိဘုရားအနီးတွင် လွန်ခဲ့သောရက်အနည်းက စစ်တပ်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဂေါပက ဥက္ကဋ္ဌ၏ မြေးတစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် ဘုရားပရိဝုဏ် အတွင်း မဖြစ်သင့်သည်များကို မဖြစ်ရအောင် ရှောင်ရှားသင့်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။
မဟာမုနိဘုရားဂေါက ဥက္ကဋ္ဌ ဦးညိုသာလှက “ ဘုရားမှာ တပ်စွဲထားပါတယ်။ ဘုန်းကြီးတွေကို လျှောက်ပါတယ်။ ကျွန်တော်တို့ကတော့ ဘုရားတံတိုင်း အတွင်းထဲမှာ နေတဲ့ တပ်တွေကို ဘယ်လို လုပ်မလဲ။ လူတွေလည်း မလာတော့ဘူး။ ဘုရားဖူးတွေလည်း မလာကြတော့ဘူး။ဒါကို ဘယ်လိုလုပ်ကြမလဲလို့ လျှောက်ထားခဲ့ကြတာပါ။ ဆရာတော်ကြီးတွေက တပ်မမှူးဆီကို မေတ္တာရပ်ခံမယ်လို့ ပြောသွာတယ်။ ခုလို စစ်တပ်က ဘုရားမှာ နေရာ ယူတာကတော့ မသင့်တော်ဘူးလေ။ ဂျပန်ခေတ်မှာလည်း ဘုရားရဲ့ တံတိုင်း ပရိဝုဏ်အတွင်း မနေကြဘူး။ အပြင်မှာနေတယ်လို့ သိရပါတယ်။ အခု တံတိုင်းတွင်းမှာနေတော့ လူတွေက ကြောက်ပြီး မလာကြတော့ဘူး” ဟု ပြောဆိုသည်။
မဟာမုနိဘုရားရှေ့ရှိ ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက “ ဘုရားရဲ့ လေးဘက်လေးတန် မုဒ်ဝတွေမှာ စစ်သားတွေချထားပါတယ်။ ဘုရားရင်ပြင်တော်မှာလည်း စစ်သားတွေ အများကြီးပါ။ ဒီလို ချထားတော့ ဘယ်အချိန် တိုက်ပွဲ ဖြစ်မလဲဆိုပြီး စိုးရိမ်နေကြပါတယ်။ ဒီနေ့ကစပြီး ကျွန်မတို့လည်း ဆိုင်ကို ပိတ်ပြီး မဟာမုနိ ရွာမှာပြန်အိပ်ဖို့ စီစဉ်နေပါတယ်။ မနက်ပိုင်း ဆိုင်လာဖွင့်မယ်။ နေ့လယ်ဆို ပြန်မယ်လို့ စီစဉ်ထားပါတယ်။ အခုလို စစ်တပ်က ဘုရားမှာ နေရာယူထားတော့ ဘယ်သူမှ မလာရဲကြတော့ဘူး။ တိုက်ပွဲဖြစ်ရင်လည်း စစ်တပ်က မြင်တဲ့ နေရာကို လှမ်းပစ်တဲ့အတွက် အထူးစိုးရိမ်နေကြပါတယ်။ ဟိုတစ်ရက်နှစ်ရက်ကလည်း ဒီဘုရားအနီးက အိမ်ထဲမှာ ထမင်းစားနေတဲ့ အမျိုးသမီးတစ်ဦး စစ်တပ်က ပစ်လိုက်တဲ့ ကျည်ဆံထိမှန် ဒဏ်ရာရသွားသလို လူငယ်တစ်ယောက်မှာလည်း ထိသွားပါတယ်။ ဒီအတွက် တိုက်ပွဲဖြစ်မှာကို လူတိုင်းက စိုးရိမ် ကြောက်လန့်နေကြပါတယ်” ဟု ပြောကြားသည်။
မဟာမုနိဘုရားသည် ရခိုင်ပြည်နယ်ထဲက နာမည်ကြီး ဘုရားတစ်ဆူ ဖြစ်ပြီး ယခင်က ဘုရားဖူးများဖြင့် နေ့ညမပြတ် စည်ကားနေခဲ့သော်လည်း ယခုအခါ အနီးပတ်ဝန်းကျင် တိုက်ပွဲများ ဖြစ်ပွားနေသည့် အပြင် ဘုရားပရိဝုဏ်အတွင်း တွင် စစ်သားများ နေရာယူထားသဖြင့် ဘုရားဖူးသူများ လုံးဝ မလာရောက်ကြတော့ကြောင်း သိရှိရသည်။
(ဓာတ်ပုံ- ကျောက်တော်မဟာမုန်ိဘုရားတွင် ရိုးရာဝတ်စုံများဖြင့် ဘုရားလာဖူးသည့် ရခိုင်လူငယ်မောင်မယ်များကိုတွေ့ရစဉ်)