ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

AA လေ့ကျင့်ရေးစခန်း သိမ်းပိုက်ရရှိဟု တပ်မတော်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 2.4k

နိရဥ္စရာ၊ သြဂုတ် ၅/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ခြေတော်ရာ ဘုရားအနီးတွင် ရက္ခိုင့်တပ်တော် (AA) ၏ လေ့ကျင့်ရေး စခန်းတစ်ခုအား သိမ်းပိုက်ရမိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရသေ့တောင်မြို့နယ် ခြေရာတော် ကျေးရွာ၏ အနောက်ဘက် မီတာ ၂ဝဝဝ ခန့်အကွာသို့ အရောက်၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုအား ပစ်ကျင်း ၆ ကျင်း၊ လူနေတဲ ၃ လုံး၊ ယူနီဖောင်း ၂ စုံ၊ အရပ်ဝတ် ၃၃ ထည်၊ မိုးကာ၊ မြေခင်းစ ၁၄ ထည်၊ ဂေါ်ပြား၊ တူးရွင်း၊ ဓား ၈ ချောင်း၊ လက်ကိုင်ဖုန်း ၁ လုံး၊ တန်းစီကွင်း ၁ ကွင်းတို့နှင့် အတူ သိမ်းဆည်းရမိခဲ့သည်ဟု ဦးစွာ ဖော်ပြသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဝန်းကျင်တစ်ဝိုက်အား နယ်မြေ စိုးမိုးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် သြဂုတ် ၃ ရက် နေ့လယ် ၁၂ နာရီ ၅ဝ မိနစ်ခန့်တွင် ခြေရာတော် ကျေးရွာ၏ အနောက်ဘက် မီတာ ၁၅ဝဝ ခန့် အကွာသို့ အရောက်၌ AA မှ ဝှက်ထားသော လေ့ကျင့်ရန် ပြုလုပ်ထားသည့် သစ်သားသေနတ် ၅ဝဝ လက်၊ ဒီတိုနေတာ ၆ ခု၊ ပွိုင့်၅ ကျည်ခွံပုံး ၃ ပုံး၊ တဲမျိုးစုံ ၁၃ လုံး၊ ပေါက်ပြား၊ ဂေါ်ပြား ၆ဝ လက်၊ သံတူးရွင်း ၄ဝ လက်၊ ဓား ၅ဝ ချောင်း၊ ဖုန်း ၁ လုံး၊ ဆန်နှင့် စားသောက်ဖွယ်ရာများ၊ ဆေးမျိုးစုံ ၃ အိတ်၊ အခြား အသုံးအဆောင်ပစ္စည်းမျိုးစုံတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခအား ဆက်သွယ်မေးမြန်းရာ ၎င်းက “ ဒီဟာကတော့ လုပ်ကြံပြီးတော့ ဝါဒဖြန့်ချီတာမျိုးဘဲ ဖြစ်မှာပါ။ ဒီရက်ပိုင်းမှာ အဲသလိုမျိုးကျွန်တော်တို့ဆီက လေ့ကျင့်ရေး စခန်း သိမ်းဆည်းရတာမျိုး အဲသလို ဖြစ်စဉ်မျိုး လုံးဝ မရှိပါဘူး။  နောက်တစ်ခု သြဂုတ်လ ပထမပတ်အတွင်းမှာ စစ်တပ်က ကျဆုံးမှုက များနေတဲ့ အခါကျတော့ စစ်သားတွေကို အားပေး အားမြောက် လုပ်တာလည်း ဖြစ်နိုင်သလို နိုင်တကာနဲ့ ပြည်သူကြားမှာ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံ ဝါဒ ဖြန့်ချီတာမျိုးဘဲ ဖြစ်နိုင်ပါတယ်” ဟု ပြောကြားသည်။


ဆက်စပ် သတင်းများ