သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်မှနုတ်ထွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 1.9k

သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၆/ ၂ဝ၁၉

တိုက်ပွဲများ မကြာခဏ ဖြစ်နေသည့် ရခိုင်ပြည်နယ်မှ ရသေ့တောင်မြို့နယ် အုပ်ချုပ်ချုပ်ရေးမှူးသည် တာဝန်မှ နုတ်ထွက် သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

မိသားစုဝင်များနှင့်အတူ စီးပွားရေး လုပ်ငန်းများလုပ်ချင်သည့် အတွက် ထိုသို့ထွက်စာတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ နုတ်ထွက်မှုမှာ လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ဒေသမတည်ငြိမ်မှုနှင့် ဆက်စပ်မှု ရှိ/ မရှိကို မသိရကြောင်း၊  ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက နုတ်ထွက်စာ တင်ခဲ့ပြီးနောက် ဇူလိုင်လကုန်ပိုင်းတွင် နုတ်ထွက်ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း ရသေ့တောင်မြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသိန်းမောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။ 

ဦးသိန်းမောင်က “ သူနုတ်ထွက်သွားတာက အစတုန်းကလည်း သူမိန်းမက ထွက်ခိုင်းတယ်။ မိသားစုနဲ့ ကအဝေးမှာ နေနေရတယ်။ နောက်ပြီးတော့ သူ့မှာ နှလုံးသွေးကြောကျဉ်းဝေဒနာ၊ ဆီးချို ဝေဒနာခံစားနေရလို့ ဆေးသောက်နေရတယ်လို့ ပြောပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီးထိုသို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး နုတ်ထွက်ခြင်းနှင့်ပတ်သက်ပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ချိုအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်း ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်မှာ အပြင်လောကမှာ စီးပွားရေး လုပ်စားချင်သည့် အတွက်ကြောင့် နုတ်ထွက်စာတင်ပြီး နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

“သူကနဂိုကတည်းက ထွက်ချင်လို့ထွက် ခွင့်တင်ထားတာပါ။ အဲ့ဒါကြောင်း လကုန်ရက်မှာ သူ့ကိုထွက်ခွင့်ပေးလိုက်တာ” ဟု ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ချိုက ပြောသည်။

ရသေ့တောင် မြို့နယ်အုပ်ချုပ်ရေးမှူး နုတ်ထွက်သွားပြီးနောက် လစ်လပ်နေသည့် နေရာအား အစားထိုး ရောက်မလာသေးကြောင်း၊ မည်သည့်အချိန်တွင် အသစ်ပြန်လည် ချပေးမည်ကို မသိရကြောင်း မြို့မိမြို့ဖ တစ်ဦးကပြောသည်။

ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး နုတ်ထွက်စာအား နေပြည်တော်သို့ ကိုယ်တိုင် သွားရောက်တင်ခဲ့ခြင်း ဖြစ်ပြီး တာဝန်မှနှုတ်ထွက်ခွင့်ရသည့်အတွက် ရုံးဝန်ထမ်းများနှင့် ခင်မင်ရင်းနှီးသူ များအား သြဂုတ်လ ၅ ရက်နေ့ ညနေစာဖြင့်  ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ