စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မြန်မာနိုင်ငံမှာအသက်၅ နှစ်အောက် ကလေးသွေးအားနည်းရောဂါဖြစ်ပွားမှု ရခိုင်ကရှေ့မှပြေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 1.6k

နိရဥ္စရာ၊ သြဂုတ် ၇/ ၂ဝ၁၉

မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက်ကလေးတွေဟာ သွေးအားနည်းမှုရောဂါ ဖြစ်ပွားမှုနှုန်းထားမြင့်တက် နေရာ ထိုအထဲတွင် ထိပ်က ပြေးနေသည့် ဒေသမှာ ရခိုင်ပြည်နယ် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းတွင် ဖော်ပြသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကောက်ယူထားသော  စာရင်းအရ  မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက်ကလေးများ၏ သွေးအားနည်းမှုရောဂါ ဖြစ်ပွားမှုနှုန်းထားမြင့်တက် နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာ လွင်မာလှိုင်ကို ကိုးကားပြီး ဘီဘီစီ (မြန်မာပိုင်း) တွင် သတင်းဖော်ပြထားသည်။  

ဒေါက်တာ လွင်မာလှိုင်က “ ၂ဝ၁၈ ခုနှစ်က မြန်မာတစ်နို်င်ငံလုံးမှာရှိတဲ့ ၅ နှစ်အောက် ကလေး တွေရဲ့ နို့အဟာရနဲ့ အစာစားသောက်မှုပေါ်မှာ စစ်တမ်းကောက်ယူခဲ့တာပါ။ အဆိုပါ ကလေးငယ်တွေ သွေးအားနည်းတဲ့ရောဂါအဖြစ်ဆုံး ပြည်နယ်တွေတော့ ရခိုင်ပြည်နယ်က ရှေ့ကပြေးနေပြီး ရှမ်းပြည်နယ်က ဒုတိယအများဆုံး ဖြစ်ပါတယ်” ဟု ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကလေးများ သွေးအားနည်းရခြင်းမှာ သံဓာတ်ပါသော အစားအစာများဖြစ်ကြသည့်  အမဲသား၊ ဆိတ်သား၊ အသဲနှင့် ကုလားပဲတို့ အစားနည်းသည့် အပြင် ဝမ်းဗိုက်ထဲတွင် သန်ကောင်ရှိနေရင်လည်း သွေးအားနည်းတတ်ကြောင်း ၎င်းက ပြောဆိုသည်။

“ အသက် ၅ နှစ်အောက် ကလေးတွေမှာ သွေးအားနည်းမှုရောဂါ အဖြစ်အများဆုံး ပြည်နယ်ကတော့ ရခိုင်ပြည်နယ်ဖြစ်ပြီး ဒုတိယအများဆုံးဖြစ်နေတဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ကလေးသုံးဦးမှာ တစ်ဦးဟာ သွေးအားနည်းတဲ့ရောဂါ ဖြစ်နေတာကိုတွေ့ရတယ်” ဟု  သူမက ပြောသည်။
 
သံဓာတ်အားကောင်းသော အစားအစာများကို မစားလျှင် သွေးအားနည်းရောဂါ ဖြစ်တတ်သလို ကလေးငယ်များမှာ သံရှိနေရင်လည်း သွေးအားနည်းရောဂါဖြစ်တတ်ကြောင်း၊  မိဘများ အနေဖြင့် ကလေးများကို သံဓါတ်အားကောင်းစေသော အမဲသား၊ ဆိတ်သား၊ သွေးခဲ၊ အသဲ၊ ကုလားပဲ စသည်များ ကို စနစ်တကျ ကျွေးမွေးပေးရန် လိုအပ်ကြောင်း ဆရာဝန်များက ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကလေးငယ်များ  သွေးအားနည်းရောဂါ ဖြစ်ပွားမှု နှုန်းမြင့်တက်နေသည့် အတွက်  ဆောင်ရွက်ပေးနေမှုများ အပေါ်  ဒေါက်တာလွင်မာလှိုင် ယခုလို ရှင်း ပြပြောဆိုသည်ဟု ဆိုသည်။

 “ ကိုယ်ဝန်ဆောင်တွေကို သံဓါတ်အားဆေးတိုက်တာ။ အပျိုဖော်ဝင်အရွယ် ကျောင်းသူတွေ၊ အလယ်တန်း အထက်တန်းကျောင်းသူတွေကို သံဓါတ်အားဆေးတိုက်တွေ ကျွန်မတို့ လုပ်နေပါတယ်။ အသက် ၂ နှစ်ကစပြီး ၂ နှစ်ကနေ ၉ နှစ်အရွယ် ကျောင်းပြင်ပ ကလေးတွေ၊ ကျောင်းမှာဆိုရင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူကျောင်းသားတွေ အကုန်လုံးကို ကျွန်မတို့ သံချဆေးတွေလည်း တိုက်ပါတယ်။ သံကောင်တွေရှိရင်လည်း သွေးအားနည်းရောဂါဖြစ်တတ်တဲ့ အတွက်ကြောင့်ပါ။ အဓိကကတော့ ဒီသွေးအားနည်းရောဂါဟာ သံဓါတ်အားနည်းလို့ဖြစ်တာပါ” ဟု ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ယခုလိုဆောင်ရွက်ပေးနေသကဲ့သို့ မိဘတွေအနေဖြင့်လည်း ကလေးငယ်များကို သံဓါတ်အားကောင်းစေသော အစားအစာများ ကျွေးပြီး သံကျဆေးပုံမှန်တိုက်ပေးမှုများကို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊  အသက် ၅ နှစ်အောက် ကလေးများ အနေဖြင့် သွေးအားနည်းရောဂါကို ခံစားခဲ့ရပါက ၎င်းကလေးများ ကြီးလာသော အခါ ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းမှုများ၊  ခန္ဓာကိုယ် ကြံ့ခိုင်ဖွံ့ဖြိုးမှုအားနည်းမှုများ ဖြစ်လာနိုင်သဖြင့်  ငယ်ရွယ်သည့် အချိန်တွင်  ဂရုစိုက်ဖို့ လိုအပ်ကြောင်း  ဆရာဝန်ကြီးများက အကြံပြုပြောဆိုထားသည်ဟု ဘီဘီစီတွင် သတင်းဖော်ပြထားသည်။

ဆက်စပ် သတင်းများ