ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စစ်တပ် ရွာထဲကိုဝင်လာ၍ ရွာသားများထွက်ပြေးသွားသဖြင့် သမီးလှရွာဟောင်းမှ အသုဘ စောင့်မယ့်သူမရှိဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 5.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၈/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သမီးလှရွာဟောင်း (ရက်ခုန်းတိုင်ရွာ) ထဲသို့ ယမန်နေ့ ညနေ ၅ နာရီက တပ်မတော် စစ်ကြောင်းတစ်ခု သေနတ်ပစ်ခတ်ဝင်လာ၍ ရွာသားများထွက်ပြေးသွားသဖြင့် ရွာတွင် ဖြစ်နေသည့် အသုဘကို ယမန်နေ့ ညဉ့်က စောင့်မယ့်သူ မရှိ ဖြစ်ခဲ့ရသည်ဟု ရွာကျောင်းဆရာတော် မိန့်ကြားသည်။

“ ရွာမှာ အသုဘရှိပါတယ်။ ဒေါ်ကြီးသာမ (၄၂) နှစ် ရဲ့ အသုဘပါ။ စစ်တပ်က မနေ့က ညနေ ၅ နာရီခန့်မှာ ရွာအနီးက လက်နက်ကြီး လေးငါးချက်ထုတယ်။ လက်နက်ငယ်တွေနဲ့ ပစ်ပြီး ရွာထဲကို ဝင်လာတော့ ရွာသားတွေ အကုန်လုံး အိမ်တွေက ထွက်ပြေးကြတယ်။ မနေ့ညဉ့်က အဲဒီ အသုဘမှာ မိဘနှစ်ပါးမှ အပ ဘယ်သူမှ စောင့်မယ့်သူ မရှိ ဖြစ်ခဲ့ကြရပါတယ်” ဟု မိန့်ကြားသည်။

အရွယ်ရှိသူ ယောကျ်ားများအားလုံးမှာ ရွာကနေ ထွက်ပြေး တိမ်းရှောင်သွားကြပြီး လူကြီး ဆယ်ကိုးယောက် အပါအဝင် အမျိုးသမီးများ၊ ကလေးငယ်များမှာ ရွာဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသည်ဟု ဆရာတော်က ပြောသည်။

“ ရွာသားများသာမက အသုဘ လိုက်ပို့ဖို့ ရောက်နေကြတဲ့ တစ်ခြားရွာက လူများလည်း အားလုံး ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတယ်။ စစ်သားတွေက ပထမ ရွာကိုစဝင်တုန်း ဘုန်းတော်ကြီးကျောင်းကို လာတယ်။ သေနတ်ပစ်တာက ခြိမ်းခြောက်လို့ အပြင်ကို ပစ်တာ၊ ရွာကို ပစ်တာမဟုတ်ဘူး။ အန္တရာယ် မပေးဘူးလို့ သူတို့က ဆရာတော်ကို ပြောပါတယ်။ သူတို့က ရွာထဲမှာဘဲ စခန်းချနေကြတယ်။ ဒါပေမယ့် ရွာသားတွေကို ကြောက်လို့ မရှိတော့ဘူး” ဟု ဆရာတော်က ပြောဆိုသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ဒေါ်ကြီးသာမ အသုဘအား ချမည် ဖြစ်ရာ စစ်တပ်ရှိနေပါက ၎င်းအသုဘမှာ မည်သို့ ဖြစ်လာမည်ကို မသိသေးဟု ရွာသား တစ်ဦးကလည်း ပြောဆိုသည်။ 

သမီးလှရွာဟောင်းတွင် ၎င်းစစ်ကြောင်းသည် အိမ်ထောင်စုစာရင်းများ၊ လူများကို စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။  

ရွာသားအများစုမှာလည်း ညနေ ၅ နာရီ အိမ်ထဲမှ ထွက်ပြေးခဲ့ကြရသဖြင့် ထမင်းမစားခဲ့ရကြောင်း၊ သို့အတွက် အများစု ရွာသားများမှာ ထမင်းငတ်ခဲ့ကြရကြောင်း၊ ၎င်းရွာတွင် အိမ်ခြေ ၁ဝ၃ ဆောင်ရှိကြောင်း ရွာသားများက ပြောဆိုသည်။

ဆက်စပ် သတင်းများ