ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မင်းပြား တောင်တိုက်ကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၆ ဦး အုပ်ချုပ်ရေးမှူး အာမခံဖြင့် ပြန်လွှတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 5.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၈/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တောင်တိုက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသစ်မှ သြဂုတ်လ ၇ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ၆ ဦးသည် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အာမခံချက်ဖြင့် ပြန်လည် လွှတ်မြောက် လာကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူ ၆ ဦးမှာ  မြောက်ဦးမြို့ အလယ်စျေးရပ်ကွက်မှ ဦးမောင်ဟန်သိန်း၊ သူ၏သားကြီး မောင်မောင်သန်းစိုး၊ သားငယ် မောင်အောင်ငြိမ်းစိုးနှင့် ဦးငွေသိန်းအောင်နှင့်  မင်းပြားမြို့နယ်၊ တောင်တိုက်ကျေးရွာမှ မောင်ဖြူဒေါင်းနှင့် မောင်ကျော်ဌေးလင်းတို့ ဖြစ်သည်။

၎င်းတို့သည် တောင်တိုက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသစ်တွင် လာရောက် အလုပ် လုပ်ကိုင်နေစဉ် ဖမ်းဆီးခေါ်ဆောင် စစ်ဆေးခြင်းခံရသူများ ဖြစ်ကြသည်။

“ ကျွန်တော်တို့က အဲဒီရွာတစ်ခုတည်းမှာ လုပ်တာမဟုတ်ဘူး။ တစ်ခြားရွာ၃ ရွာမှာလည်း ပန်းရံ အလုပ်တွေ သွားလုပ်ကြတာပါ။ အထွေအထူးတော့ သိပ်မပြောပါဘူး သူတို့က။ အာမခံနဲ့ ပြန်လွှတ် လိုက်ပါတယ်။ သူတို့က ဒီလောက် တိုင်းပြည် အခြေနေမကောင်းတဲ့ အထဲ ကျွန်တော်တို့က ဒီရွာကို လာပြီး အလုပ် လုပ်နေတာဆိုတဲ့ အပေါ် သူတို့က စစ်ဆေးမေးမြန်းရုံလေးပါ ” ဟု ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရသူ ဦးမောင်ဟန်သိန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သြဂုတ်လ ၇ ရက်နေ့ နေ့လယ် ၃ နာရီခန့်တွင် တပ်မတော်သား ၈ဝ ခန့်က တောင်တိုက်ကျေးရွာ အတွင်းသို့ ရောက်ရှိလာပြီး မသင်္ကာဟုဆိုကာ ၎င်းတို့ ၆ ဦးအား စစ်ဆေးရန် ခေါ်ဆောင် သွားပြီးနောက် ညနေ ပိုင်း ၆  နာရီခန့်အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အာမခံချက်ဖြင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဦးမောင်ဟန်သိန်းက ပြောသည်။

 “ရွာက လူက ရွာထဲမှာ မရှိဘဲ ဘာကြောင့် ဘုန်းကြီးကျောင်းမှာ ရှိနေရမလဲလို့ဆိုတဲ့ အတွေးနဲ့  သူတို့ မင်္သကာလို့ စစ်တာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီရွာသားက ဒီရွာရဲ့ ဘုန်းကြီးကျောင်းမှာ ရှိနေတာက မထူးဆန်းဘူးလေ။  စစ်ခွင့်တော့  ပေးလိုက်ပါတယ်။ သူတို့က ရိုးရိုးသားသားလုပ်ကိုင်နေကြတာဆိုတော့ ရွာက  အုပ်ချုပ်ရေးမှူးနဲ့ ထောက်ခံချက်တွေ ပေးလိုက်တော့ ပြန်လွတ်လာပါတယ်”ဟု တောင်တိုက်ကျေးရွာရှိ  ကျောင်းသစ်ဘုန်းကြီးကျောင်းမှ ဆရာတော်က မိန့်ကြားသည်။

တပ်မတော်သားများသည် အဆိုပါဘုန်းကြီးကျောင်းအတွင်း ဓါတ်ပုံရိုက်ခြင်းများ၊ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးစစ်ဆေးခံရသူ ၆ ဦးအား  မင်းပြားမြို့မရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

တောင်တိုက်ကျေးရွာမှ ကျေးရွာသားအချို့သည် ယင်းနေ့ ညဉ့်က  တပ်မတော်သားများ ကျေးရွာအတွင်းသို့ ပြန်လည် ရောက်ရှိလာမည်ကို စိုးရိမ်ကြောက်လန့်ပြီး  အနီးအနားရှိ ကျေးရွာများသို့ သွားကာ ညအိပ်ခဲ့ရကြောင်းလည်း ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ