Preview

ရှစ်လေးလုံး အရေးတော်ပုံ (၃၁) နှစ်မြောက်အခမ်းအနား စစ်တွေတွင် NLD မှကျင်းပ

သြဂုတ် ၀၉/ ၂၀၁၉ | ကြည့်ရှုသူ :6855
ရခိုင် သတင်း

နောင်ခိုင်အောင်
နိရဥ္စရာ၊ သြဂုတ် ၉/ ၂၀၁၉

ရှစ်လေးလုံး အရေးတော်ပုံ (၃၁) နှစ်မြောက် အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ မကျဉ်းမြိုင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် သြဂုတ် ၈ ရက်နေ့ တွင် ကျင်းပခဲ့သည်။

ရှစ်လေးလုံး အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၇ခိုင်ပြည်နယ်)  မှ ကြီးမှူးပြီး နေ့လယ် ၁ နာရီမှ ၃ နာရီခွဲအချိန်ထိ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ NLD ပါတီဝင်များအပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(၇ခိုင်ပြည်)တို့နှင့် ၈၈ အရေးအခင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သူများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ ဦးညီပုက “ကျနော်တို့ နောက်ပြန်မလှည့်ဖို့အရေးကြီးပါတယ်။ ကျနော်တို့သိတဲ့အတိုင်းပါ။ အခု ရပ်နေအောင်လုပ်မယ်။ ဖြစ်နိုင်ရင် နောက်ကိုပြန်လှည့်မယ်။ နောက်ကိုပြန်ဆွဲမယ်။ အဲဒီအခါမှာ အခုနားကပြောတဲ့လူတွေက နေရာရလာမယ်။ ဒီသံသရာကြီးက လည်လာပြီးတော့ နောက်ဆုံးပိတ် ဒီနိုင်ငံရဲ့ အနာဂတ်ဟာ အင်မတန်မှ ကြောက်စရာကောင်းတဲ့ အနာဂတ်မျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင် ကျနော်တို့ဒီအရေးတော်ပုံကြီးရဲ့ တန်ဖိုးတွေ၊ ကျနော်တို့ မျှော်လင့်ချက်တွေ၊ ကျနော်တို့ ရည်မှန်းချက်တွေ၊ ကျနော်တို့ရဲ့ နောင်လာနောင်သားတွေ ဘယ်လိုအခြေအနေမျိုးတွေကို ရောက်ရှိသွားမလဲ။ ကျနော်တို့ တာဝန်ကျေဖို့လိုပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်စစ်တွေမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကျင်းပသည့် ရှစ်လေးလုံး အရေးတော်ပုံ (၃၁) နှစ်ပြည့်အခမ်းအနားသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ လက်ရှိ နိုင်ငံရေးအခြေအနေ လေ့လာ သုံးသပ်ချက်များနှင့် ပတ်သက်သည့် သဝဏ်လွှာပေးပို့ ခဲ့ကြောင်း သိ၇သည်။

“ဒီ ၈၈ နေ့ဟာ မြန်မာနိုင်ငံမှာ ကျနော်တို့ အာဏာရှင်စနစ်ကို တွန်းလှန်တဲ့နေ့၊ အဲဒီနေ့က စပြီးတော့ ကျနော်တို့ အာဏာရှင်စနစ်ကို ဆက်တွန်းလှန်လာတယ်။ မဆလ တစ်ပါတီစနစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ဟာလည်း အဲဒီနေ့ကစပြီးတော့ ပြုတ်ကျသွားတယ်။  ဒါဟာ ပြည်သူတွေရဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ဒီအတွက် ရှစ်လေးလုံး စိတ်ဓာတ် အမြဲရှင်သန်နေဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု ဦးမြတ်ထွန်းက ပြောသည်။

ဤရှစ်လေးလုံးအရေးတော်ပုံသည် မြန်မာသမိုင်းတွင် အလွန်အရေးပါသော နေ့တစ်နေ့ဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ ၈ လ၊ ၈ ရက်နေ့တွင် အာဏာရှင် တစ်ပါတီစနစ်ကို ဖြိုဖျက်ပြီး ဒီမိုကရေစီ ရရှိရေး ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင် တောင်းဆိုခဲ့သောနေ့ဖြစ်ကြောင်း ဦးမြတ်ထွန်းက ပြောဆိုသည်။ 

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့အခမ်းအနားကို ယခင်နှစ်များက အဖွဲ့အစည်း အများအပြားက ကျင်းပခဲ့ကြသော်လည်း ယခုနှစ်တွင် ရခိုင်အခြေအနေကြောင့် ကျင်းပမှု နည်းပါးသွားခဲ့သည်ဟု သိ၇သည်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.