ခိုင်လူလှ( ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၁၁/ ၂၀၁၉
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်ရန်ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးနှစ်ဦး အပါအဝင် ရွာသား ၈ ဦးကို စစ်တပ်က ယနေ့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။
ထိုသို့ ခေါ်ဆောင်သွားခြင်းကို ဘူးသီးတောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက အတည်ပြု ပြောကြားသည်။
“ ကျွန်တော်ကို ရွာသားတွေ သတင်းပေးပို့တာ က စုစုပေါင်း ၈ ဦးလို့ သိရပါတယ်။ ဒီအထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံမောင်ရယ်။ ကျောင်းဆရာတစ်ဦးနဲ့ အမျိုးသမီး ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောကြားသည်။
ဖမ်းဆီးခေါ်ဆောင်ခြင်း ခံ၇သူ ၈ ဦးမှာ ကျောက်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံမောင်၊ ဦးကျော်နိုင်ထွန်း (ကျောင်းဆရာ)၊ ဦးကျော်သူစိုး၊ ဦးလှမောင်ဦး၊ ဦးထွန်းလှ၊ ဒေါ်မဲမ၊ ဒေါ်ဖြူဖြူ၊ မောင်ထွန်းစိန် (သရက်ပြင်) တို့ ဖြစ်ကြသည်ဟု သိရသည်။
“ ဒီအဖမ်းခံရတဲ့ အထဲမှာ ဒေါ်မဲမက ဦးထွန်းလှရဲ့ ဇနီးဖြစ်ပါတယ်။ ဒေါ်ဖြူဖြူကတော့ သူမရဲ့ လင်ဖြစ်သူ ခင်မောင်ဇော် မရှိတဲ့ အတွက် သူမကို ခေါ်သွားတာ ဖြစ်ပါတယ်။ နောက်တစ်ဦးက မောင်ထွန်းစိန်၊ သူက သရက်ပြင်ကနေ နွားဝယ်ဖို့ ရောက်နေတဲ့သူလို့ သိ၇ပါတယ်” ဟု ဦးထွန်းအောင်သိန်းက ပြောကြားသည်။
သူတို့ ၈ ဦးစလုံးကို ယနေ့ နေ့လယ်က ဘူးသီးတောင် အခြေစိုက် အမှတ် (၅၅၁) တပ်ရင်းသို့ ခေါ်ဆောင်သွားသည်ဟု သိရသည်။
တစ်ခြားအနီးအနားရှိ ကျေးရွာတစ်ခုမှ ဒေသခံ တစ်ဦးကလည်း စုစုပေါင်း ရွာသား ၁၃ ဦး၊ ထိုအထဲတွင် ကူးတို့သည် တစ်ဦးပါဝင်ပြီး တစ်ခြား မူဆလင်ကျေးရွာက ရာအိမ်မှူး ၂ ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိကြောင်း ပြောကြာသည်။
သို့သော် ၎င်းအရေအတွက်နှင့် ပတ်သက်ပြီး နိရဥ္စရာအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ယနေ့ ညနေ ရ နာရီခန့်က ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါ။