ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၁၁/ ၂၀၁၉
၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာအနီးတွင် ယနေ့ နံနက် ၉ နာရီခန့်က မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။
၎င်းမိုင်းမှာ ကျောက်တော်မြို့နယ် အပေါက်၀ကျေးရွာနှင့် ခွဆုံကျေးရွာကြား ဒေသခံ ရွာသားများ အသုံးပြုနေသည့် လူသွားလမ်းပေါ်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ဒေသခံများအနေဖြင့် စိုးရိမ်ခဲ့ကြ၇သည်ဟု အပေါက်၀ကျေးရွာမှ ကိုအောင်အောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“မိုင်းပေါက်ကွဲတာက ဟုတ်ပါတယ်။ ပေါက်ကွဲသံကတော့ တစ်ခါတည်းပါ။ ကြားကြားချင်း ဆိုတော့ ရွာသားတွေက လန့်ပြီးတော့ ဆူညံသွားကြပါတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေ ကိုလည်း ကျောင်းသားမိဘတွေက ကျောင်းကို သွားခေါ်ကြပါတယ်။ ဘယ်သူ ထောင်တဲ့ မိုင်းဆိုတာကိုတော့ ကျွန်တော်တို့လည်း အတိကျပြောဖို့ ခက်ပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့တနင်္ဂနွေနေ့ဖြစ်သော်လည်း အပေါက်၀ရွာတွင် ယနေ့ ကျောင်းတက်၇သည်ဟု သူက ပြောဆိုသည်။
အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အပေါက်၀ရဲစခန်းမှ လက်နက်ငယ်များ မိုင်းပေါက်ကွဲသည့် နေရာသို့ အနည်းငယ် ပစ်ခတ်ခဲ့ကြောင်း အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက ပြောသည်။
“မိုင်းက နှစ်လုံးမှာ တစ်လုံးက ပေါက်သွားတယ်။ နောက်တစ်လုံးက မပေါက်ကွဲ ဘူးလို့ သိရတယ်။ တာဝန်ရှိ လူကြီးတွေနဲ့ ရွာက အရပ်လူကြီးတချို့ သွားကြည့်ပြီး ပြောပြလို့ သိရပါတယ်။ မိုင်းအမျိုးအစားကိုတော့ ကျွန်တော်တို့ မပြောတတ်ပါဘူး။ တပ်မတာ်ဘက်က မိုင်းပေါက်ကွဲ သံကြားတာနဲ့ လက်နက်ငယ်တွေ ပစ်ခတ်ခဲ့ပါတယ်။ ကြောက်သွားကြတယ် ဆိုပေမယ့် နောက်တော့ အေးအေးဆေးဆေး ဖြစ်သွားပါတယ်” ဟု အမည်မဖော်လိုသူက ပြောသည်။
အဆိုပါမိုင်းပေါက်ကွဲသည့်နေရာသည် အပေါက်၀ကျေးရွာမှ ၁ မိုင်ခန့် အကွာအဝေးတွင်ဖြစ်ပြီး မည်သည့်အတွက် မည်သူက ထောင်သည်၊ မည်သို့ ပေါက်ကွဲခဲ့သည်ကို မသိရကြောင်း၊ လူထိခိုက် ဒဏ်ရာမရရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအားဆက်သွယ်ခဲ့သော် ၄င်းအနေဖြင့် အလုပ် မအားသေးသည့် အတွက် နောက်မှဆက်ပါဟု ပြန်လည်ဖြေကြားသွားသည်။
ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတားအရှေ့ဘက်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိ၇သည်။