သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လူထုလှုပ်ရှားမှု စစ်တွေတွင်စတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 6.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၁၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှုပြည်နယ်အဆင့်ဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ၊ စာရင်းစစ်ချုပ်၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကနှင့်  အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အမှုထမ်း၊ အရာထမ်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား၊ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 “ ဒီအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုတွေကို ကျွန်မတို့  သြဂုတ်လကို သတ်မှတ်ပြီးတော့ ဆောင်ရွက်လာတာ ကြာပါပြီ။ ရခိုင်ပြည်နယ် အတွင်းမှာက အာဟာရချို့တဲ့မှုကြောင့် ကလေးတွေ ပိန်တာတို့ ၊ အရပ်ပုတာတို့က စစ်ချက်အရ ရာခိုင်နှုန်း တော်တော်များများ တွေ့ရပါတယ်။ ပျိုဖော်ဝင်မိန်းကလေးတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ  သွေးအားရောဂါ ခံစားနေရတာကို တွေ့ရပါတယ်။  အဲဒါတွေကို ဘယ်လိုတားဆီးရမလဲ ဆိုတာတွေကို ကျွန်မတို့ အသိပညာပေးတွေ လုပ်ပါတယ် ” ဟု ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ပြည်နယ်အာဟာရဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်နှင်းဝေက ပြောသည်။

အခမ်းနားပြုလုပ်ရခြင်း အဓိကရည်ရွယ်ချက်မှာ အာဟာရဖွံ့ဖြိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေး ပါပုံကို မှုဝါဒချမှတ်သူ နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူလူထုကို အသိပေး တင်ပြနိုင်ရန်၊ အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊ ပြည်သူလူထုအတွင်း အာဟာရဆိုင်ရာ အသိပညာများ တိုးတက်လာစေပြီး အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လူထုပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရန်တို့ကို ရည်မှန်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“မိခင်တွေအတွက်ဆိုလို့ရှိရင် သံဓာတ်ဆေးပြားတွေပေးပါတယ်။ ကလေးတွေအတွက်က ဗီတာမင်ရည် ဆေးလုံးလေးတွေ တိုက်ကျွေးပါတယ်။ ကျွန်မ ဒီပွဲကိုတက်လာလို့ ကျန်းမာရေးဗဟုသုတတွေ အများကြီး ရလိုက်ပါတယ်။ ကလေးတွေ အရပ် ပုတာတွေ၊ ပိန်တာတွေကို ဘယ်လိုနည်းနဲ့ တားဆီးရမလဲဆိုတာတွေကို သိခဲ့ရပါတယ်”ဟု အခမ်းအနားသို့ တက်ရောက်လာသည့် ဒေါ်နှင်းသီတာက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် Myanmar Demographic and Health Survey စစ်တမ်းအရ ပရိုတင်းအာဟာရချို့တဲ့မှုကြောင့် ၅ နှစ်အောက်ကလေး ၃၈ %မှာ အရပ်ပုနေပြီး၊ ၁၄ %မှာ ခန္ဓာ ကိုယ်ပိန်နေကာ၊ ၃၄ %က ကိုယ်အလေးချိန်မပြည့်ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် သန်ချ ဆေးများ တိုက်ကျွေးခြင်း၊ ပျိုဖော်ဝင်အရွယ်ကျောင်းသူများအား သံဓာတ်ဆေးပြား တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား အာဟာရဆေးဝါးများ တိုက်ကျွေးခြင်း၊ ဧည့်သည်တော်များမှ ဆေးတိုက်ခံ အုပ်စုများအား အမှတ်တရလက်ဆောင် ပေးအပ်ခြင်းများပြုလုပ်ခဲ့သည်။

ဆက်စပ် သတင်းများ