ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၁၃/ ၂၀၁၉
၅၂ နှစ်မြောက် ဆန်ပြဿနာ အရေးအခင်းအောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်အမျိုးသားပါတီ (ANP) မှ ကျင်းပရခြင်းမှာ ခေတ်သမိုင်းများကို နှောင်းလူငယ်များ သိရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်ပြောသည်။
၎င်း ၅၂ နှစ်မြောက် ဆန်ပြဿနာ အရေးအခင်းအောက်မေ့ဖွယ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်စဉ် ဒေါ်အေးနုစိန်က ထိုသို့ ပြောကြားသွားခြင်းဖြစ်ပါသည်။
“နိုင်ငံရေးပါတီတစ်ရပ်ဟာ နိုင်ငံရေးနဲ့ပတ်သက်လာရင် သမိုင်းကွင်းဆက်တွေကို ဆက်ပေးမယ့် တာဝန်ရှိတယ်။ ဒီ သြဂုတ်လ ၁၃ ရက်နေ့ဟာ ထမင်းငတ်နေတဲ့ ရခိုင်လူထုရဲ့ ဆန်တောင်း တာကို ကျည်ဆံပေးခဲ့တဲ့ အတွက် သေခဲ့ကြရတဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးမွေ သင်္ကေတ တစ်ရပ် ဖြစ်တယ်။ ဆန်တွေဟာ ဂိုဒေါင်များထဲတွင် အများကြီးရှိနေသားနဲ့ ဘယ်လို စနစ် ဆိုးတွေကြောင့် ထမင်းငတ်ခဲ့တဲ့ ဘ၀ကိုရောက်ခဲ့ကြတာလဲ။ ဒီလို ခေတ်သမိုင်းတွေကို နှောင်းလူငယ်တွေသိစေလိုတဲ့ အတွက် ဒီရည်ရွယ်ချက်နဲ့ ဒီအခမ်းအနားကို ကျင်းပပြုလုပ်ရတာ ဖြစ်ပါတယ် ”ဟု ဒေါ်အေးနုစိန်က ပြောသည်။
အဆိုပါအခမ်းအနားကို ANPပါတီမှ ကြီးမှူးကျင်းခဲ့ခြင်း ဖြစ်ပြီး ပါတီမှုဝါဒရေးရာ ဦးဆောင် ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါ်အေးနုစိန်နှင့် ဒေါက်တာ တင်အောင်၊ လွှတ်တော် အမတ်များ၊ မြို့နယ်ကော်မတီဝင်များနှင့် CEC အဖွဲ့ဝင်တို့ တက်ရောက်ခဲ့သိရသည်။
ANPမှာ နိုင်ငံရေး ပါတီတစ်ရပ် ဖြစ်သဖြင့် အခမ်းအနားပြုလုပ်မည်ကို ခွင့်ပြုချက်တင်စရာ မလိုကြောင်း၊ ရခိုင်ပြည်အတွင်း အခြားနေရာများတွင် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် ခမ်းအနား ပြုလုပ်မည်ကို လုပ်ခွင့်မရသည့် အနေထားကြောင့် အခြားရခိုင်လူ့အဖွဲ့စည်းအနေဖြင့် ယခုနှစ်တွင် မလုပ်၇ခြင်းဖြစ်ကြောင်းကိုလည်း သူမက ပြောသည်။
“၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဒီဆန်ပြဿနာ ဖြစ်ရပ်တစ်ခုကို နောက်လာမယ့် လူငယ်တွေကို သိစေချင်တယ်။ ထမင်း ငတ်ပြီးတော့ ဆန်တောင်းတဲ့ လူတွေကို ကျည်ဆံကျွေးလို့ရခဲ့တဲ့၊ အသေသတ်လို့ ရခဲ့တဲ့၊ အလောင်းတွေကို ဖျောက်လို့ရခဲ့တဲ့ သမိုင်းကြောင်းတွေဟာ ဒီလိုရှိခဲ့ပါလား ဆိုတာတွေကိုပေါ့”ဟု ကဗျာဆရာ သန္တာမြေမောင်သော်တာက ပြောသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိ အဖြစ် ပါတီမှုဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဒေါက်တာ တင်အောင်၊ အခမ်းအနားမှူး အဖြစ် ဦးသိန်းရွှေမိုးတို့က ဆောင်ရွက်ခဲ့ပြီး သဘာပတိ အပါအဝင် ဝါရင့်နိုင်ငံရေး သမားများဖြစ်ကြသည့် ဦးအေးကျော်၊ ဦးစိန်စောလှနှင့် ဒေါ်အေးနုစိန်တို့မှ စစ်တွေ ဆန်ပြသနာနေ့ ပေါ်ပေါက်ခဲ့ရပုံများကို ပြောကြားခဲ့ကြသည်။
၎င်းအခမ်းအနားတွင် ကဗျာဆရာ သန္တာမြေမောင်သော်တာကလည်း ၄င်းရေးစပ်ခဲ့သည့် “၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နိသို့” ကဗျာအား ရွတ်ဖတ်ခဲ့သည်။
အခမ်းအနားတွင် ဆန်ပြသနာနေ့တွင် ကျဆုံးသွားခဲ့သူများအား ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အနေဖြင့် အချိန် ၁ မိနစ်ခန့် တိတ်ဆိတ် ငြိမ်သက်စွာဖြင့် မတ်တပ် ရပ်ပြီး ဂုဏ်ပြုခဲ့ကြသည်။
အခမ်းအနားသို့ လူပေါင်း ၇၀ ခန့် တက်ရောက်ခဲ့ပြီး နေ့လယ် ၁၂ နာရီတွင် အခမ်းအနား ပြီးဆုံးခဲ့သည်။
စစ်တွေ ဆန်ပြသနာ အရေးအခင်းသည် လွန်ခဲ့သော ၅၂ နှစ်အကြာ ၁၉၆၇ ခုနှစ်က ဖြစ်ပွားခဲ့သော အရေးအခင်း တစ်ခု ဖြစ်သည်။ ၎င်းအရေးအခင်းသည် ရခိုင်ပြည်နယ်တွင် ဆန်ရှားပါးပြီး အငတ်ဘေးကျရောက်ရာမှ သြဂုတ် ၁၃ ရက်နေ့တွင် စစ်တွေမြို့ လမ်းများပေါ်သို့ ထွက်ပြီး ဆန်ရရှိရေးတောင်းဆို ဆန္ဒပြသူများကို ဦးနေဝင်းဦးဆောင်သော မဆလ အစိုး၇က လက်နက်ဖြင့် ပစ်ခတ် နှိမ်နှင်းခဲ့သဖြင့် လူပေါင်း ၃၀၀ ခန့် သေဆုံးခဲ့ရသည်ဟု သမိုင်းမှတ်တမ်းများ အရသိ၇သည်။