နောင်ခိုင်အောင်
နိရဥ္စရာ၊ သြဂုတ်/ ၁၃၊ ၂၀၁၉
မြောက်ဦးမြို့ ရတနာမာရ်အောင်တောရ ဓမ္မရိပ်သာများ၏ ဦးစီးပဓာန နာယကချုပ် ပြည်တွင်း ပြည်ပ နယ်လှည့်သာသနာပြု ဓမ္မကထိက မြောက်ဦးဆရာတော် ၀နဝါသီ အရှင်ဝါယာမိန္ဒသည် ၇ခိုင်ပြည်နယ် လူမှုဘ၀မြင့်တင်ရေးနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ရခိုင်ပြည်နယ်အစိုး၇မှ တစ်ဆင့် ငွေကျပ်သိန်း (၁၀၀၀) လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။
မြောက်ဦးဆရာတော်မှ ၎င်းကျပ်ငွေ သိန်း (၁၀၀၀) ကို ရခိုင်ပြည်နယ် အစိုး၇ ဝန်ကြီးချုပ် ဦးညီပုသို့ ယနေ့ သြဂုတ် ၁၃ ရက်နေ့တွင် စစ်တွေပြည်နယ် အစိုးရရုံး ခန်းမတွင် အခမ်းအနားဖြင့် လွဲပြောင်း လှူဒါန်း လိုက်ကြောင်း သိရသည်။
လှူဒါန်းရခြင်းနှင့် ပတ်သက်၍ မြောက်ဦးဆရာတော်က "ကိုယ်တော်အသုံးပြုစေချင်တာကတော့ ငတ်ပြတ် ဘေးတွေအတွက် ဆန်တွေပေါ့နော်။ ဆန်တွေ၊ အဝတ်အစားတွေ၊ ဆန်၊ ဆီ၊ ဆား တွေပေါ့နော်။ စားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့ အဆင်ပြေအောင် စားသောက်ရေး အဆင်ပြေလို့ ရှိရင် အဆောက်အဦတွေကတော့ ပိုလျှံရင်တော့ အဆောက်အဦ လုပ်ပေးမယ်ပေါ့နော်။ အဓိက လိုအပ်တဲ့နေရာလေးတွေအတွက် ပံ့ပိုးပေးဖို့ အဓိက ရည်ရွယ်ပါတယ်။ အစားအသောက်ပေါ့။ စားရေး၊ သောက်ရေး အဆင်ပြေအောင် လုပ်ပေးစေချင်ပါတယ်" ဟု မြောက်ဦးဆရာတော် မိန့်ကြားသည်။
စစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို အလုံးစုံဖြည့်ဆည်း မပေးနိုင်သော်လည်း အမှန်တကယ် လိုအပ်နေသည့် စားနပ်ရိက္ခာများအတွက် တစုံတရာအထောက်အကူပြုဖို့ရည်ရွယ်သလို အလှူရှင် များ၏ စေတနာကိုလည်း တန်ဖိုးထားသည့်အနေဖြင့် မိသားစုစိတ်ဓါတ်ထား၍ လှူဒါန်းရခြင်း ဖြစ်ကြောင်း ဆရာတော်မှ ဆက်လက်မိန့်ကြားသည်။
"ဒီစစ်ဘေးရှောင်တွေ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေတဲ့ အတွက်တာကြောင့် သက်သာရာ ရပါစေကြောင်းကို ရည်ရွယ်တာပေါ့နော်။ သူတို့ သက်သာရာရပြီးတော့ မကြောင့်ကြ မတောင့်တရဘဲ စားဝတ်နေရေး အဆင်ပြေသွားစေချင်တာပေါ့နော်။ စိတ်သက်သာရာ ရသွားအောင်လို့ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ လှူဒါန်းတာပါ။ အများကြီး မလှူနိုင်ငြားသော်လည်း တစ်ထောင့် တစ်နေရာက မိသားစုစိတ်ဓါတ်ထားပြီးတော့ လှူဖြစ်ခဲ့တယ်ပေါ့။ အလုပ်ကိုတော့ အကုန်လုံး တိတိကျကျဖြစ်အောင် လုပ်ပေးပါလို့ ပြောထားခဲ့တယ်။ သူတို့ရဲ့ စိတ်သက်သာရာရဖို့ တနည်းအားဖြင့် တစ်ချို့နေရာမှာ တစ်ချို့ပုဂ္ဂိုလ်တွေ ငတ်ပြတ်ပြီးတော့ ရှိနေတယ်တဲ့။ အဲဒါလေးတွေ သတင်းရတာပေါ့။ ကိုယ်ကိုတိုင်သွားပြီးတော့ လှူချင်ပါတယ်" ဟု ဆိုသည်။
ယခုကဲသို့ စစ်ဘေးရှောင်ဘ၀ကို ရောက်ရှိနေကြသည့် ဒေသခံစစ်ဘေးရှောင်များကို မည်သို့ အားပေးစကားများမိန့်ချင်ပါသလဲဟု မေးမြန်းလျှောက်ထားရာတွင် ဆရာတော်မှ ယခုလို ဆက်လက် မိန့်ကြားသည်။
“ ဖြစ်သမျှအကြောင်းကို အကောင်းလို့ပဲမှတ်ရမှာပေါ့နော်။ အကြွေးရှိတော့လည်း ဆပ်ရတာပေါ့။ ဒါကြောင့်မိုလို့ စစ်ဘေးရှောင် ဒကာတကာမတွေလည်း ကိုယ်ဖြစ်ပေါ်လာတဲ့ အကြောင်း တရားလေးကို ကျင့်ကြံသည်းခံပြီးတော့ ဆောင်ရွက်ကြပေါ့။ ဘာကြောင့်လဲဆိုတော့ ဒါက အတိတ်က အကြောင်းတရားရှိရင် အကျိုး တရားဖြစ်တယ်လေ။ ဒါပေမဲ့ ဒါတွေက အမြဲတမ်းလည်း မဟုတ်ဘူး။ တနေ့ကျရင် အဆင်ပြေသွားမှာပါ။ အခုလောလောဆယ်တော့ ချမ်းသာဖို့အတွက် ဆင်းရဲခြင်းကို ရှေ့ကခံရတာ။ နေရာတိုင်းမှာ ဆင်းရဲတလှည့်၊ ချမ်းသာတလှည့်။ လမိုက်ညဆိုတာ အမြဲတမ်းလမိုက်ညပဲရှိတာမဟုတ်။ လသာတဲ့ညလည်း ရှိတာပေါ့။ တနေ့ နေ့မှာတော့ အားလုံး ပြည်ထောင်စုမိသားစုတွေဖြစ်သွားကြမှာပါ” ဟု မိန့်ကြားသည်။
ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ ပြည်သူ ၆၀၀၀၀ ကျော် စစ်ဘေးရှောင်များအဖြစ်ဖြင့် နေထိုင်နေကြရပြီး စားဝတ်နေရေး၊ ကျန်းမာနှင့် ပညာရေးစသည်တို့ ဆုံးရှုံးနစ်နာမှုများရှိနေကြကြောင်း သတင်းရရှိသည်။
(ဓာတ်ပုံ- leader)