Preview

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကတိသစ္စာပြု၊ ၎င်းအထဲမှဗိုလ်မှူးကြီးမင်းသန်းအား ရခိုင်နယ်လုံဝန်ကြီးအဖြစ်အဆိုတင်

သြဂုတ် ၁၄/ ၂၀၁၉ | ကြည့်ရှုသူ :2467
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၁၄/ ၂၀၁၉

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၂/၂၀၁၉)ကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကတိသစ္စာ မပြုရသေးသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကတိသစ္စာပြုခဲ့ပြီး  ယင်းအထဲမှ ဗိုလ်မှူးကြီးမင်းသန်းအား ရခိုင်နယ်လုံဝန်ကြီးသစ် အဖြစ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်မှ အဆိုတင်သွင်းခဲ့သည်ဟု သိရသည်။

"ကတိသစ္စာမပြုရသေးသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမင်းသန်းနှင့် ဗိုလ်မှူး ကျော်မျိုးထက်တို့က လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာပြုကြပြီး ကတိ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကနေ နယ်လုံဝန်ကြီးသစ် ဗိုလ်မှူးကြီး မင်းသန်းကို အဆိုတင်ပါတယ်” ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

၎င်းပြင်သူက “ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဗိုလ်မှူးကြီး မင်းသန်းကို လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ပေးအပ်ရန် တင်သွင်းလာမှုအပေါ် အရည်အချင်း ပြည့်မှီ၊ မမှီနဲ့ ပတ်သက်လို့ ကန့်ကွက်မယ် ဆိုရင် မနက်ဖြန် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်အကြီးအမှူးဆီမှာ အမည်စာရင်း ပေးရပါမယ်။ ကန့်ကွက်မယ့်သူတော့ ရှိနိုင်မယ် မထင်ပါဘူး။ သြဂုတ် ၁၆ ရက်နေ့မှာတော့ ကန့်ကွက်သူမရှိရင် အတည်ပြုမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးသို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ၊ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်း အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်၊ အရပ်ဘက်နှင့် စစ်ဘက် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

“ ဒီနေ့အစည်းအဝေးမှာတော့ လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ အဖွဲ့တွေကို  အဖွဲ့တွေကို သက်တမ်း နောက်ထပ် တစ်နှစ်တိုးပါတယ်။  ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် လူမှု မြှင့်တင်ရေးအဖွဲ့တွေကို တစ်နှစ် သက်တမ်း တိုးပါတယ်။ နောက် နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် အထူးကိစ္စရပ်များ ကြားနာ စုံစမ်းရေးအဖွဲ့ကိုလည်း နောက်ထပ် သက်တမ်း တစ်နှစ်တိုးပါတယ်။ ဒီနေ့ကတော့ ဒီလောက်နဲ့ဘဲ ရပ်နားခဲ့ပါတယ်” ဟု ဦးထွန်းသာစိန်က ပြောကြားသည်။

ယနေ့ လွှတ်တော် အစည်းအဝေးကို ၁၀ နာရီမှ ၁၀ နာရီ ၄၅ မိနစ်ထိ ကျင်းပခဲ့ပြီး လာမည့် အစည်းအဝေးကို သြဂုတ်လ ၁၆ ရက် တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိ၇သည်။

(ဓာတ်ပုံ-ကိုစံမြတ်ရွှေ)

#လွှတ်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.