အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

သေနတ်ဒဏ်ရာဖြင့်ဆေးရုံတက်နေရသူ ကိုယ်ဝန်ဆောင်အမျိုးသမီး အောင်မြင်စွာ ကလေးမွေးဖွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 4.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ်၁၆/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်အုပ်စု မဟာမုနိကျေးရွာမှ သေနတ်ဒဏ်ရာဖြင့် စစ်တွေ ဆေးရုံတက်နေရသော ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးအေးမြင့်သည် ယနေ့ နံနက် ၇ နာရီခွဲခန့်က ကလေးအောင်မြင်စွာ  မွေးဖွားကြောင်း သတင်းရရှိသည်။

“ မွေးတဲ့ ကလေးက မိန်းကလေးပါ။ အောင်မြင်စွာမွေးဖွားပါတယ်။ ဒါပေမယ့် ဒဏ်ရာရလို့ ဆေးရုံ တက်နေတဲ့ အချိန်က ကိုယ်ဝန်ဟာ  လပြည့်နေပြီလေ။  လက်ကဒဏ်ရာလည်း ပြင်းတော့ ကလေးက မွေးတော့မှာကို မမွေးရသေးအောင်  ဆေးထိုးပြီး ၄ ရက်လောက် ထားလိုက်ရတယ်။ ဒဏ်ရာက ပြင်းတော့ ကလေးမွေးရင် အန္တရာယ်ဖြစ်မှာ စိုးလို့ပါ။ အခုတော့ ကလေးရော၊ မိခင်ပါ ကျန်းမာပါတယ်”ဟု ကလေးမွေးဖွားသည့် အမျိုးသမီး၏ လင်ယောကျ်ားဖြစ်သူ ကိုဇော်ဇော်က ပြောသည်။

ကျောက်တော်မြို့နယ်  မဟာမုနိကျေးရွာမှ မအေးအေးမြင့် (၂၄)  နှစ်ဖြစ်ပြီး ဇူလိုင်လ  ၃၁ ရက်နေ့တွင် ညာဘက်လက်မောင်း၌ ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာအပြင်းထန်ရကာ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ဖြစ်သည်။

“ကလေးမွေးတာက နုနေသေးတော့ နောက်ကျည်ဒဏ်ရာနဲ့ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ မသိသေးပါဘူး။ အခုက ကျန်းမာနေပါတယ်။ ဆွေမျိုးတွေကလည်း အချိန်တိုင်း အလှည့်ကျစီ သူ့ကိုလာစောင့် ကြရပါတယ်”ဟု ကိုဇော်ဇော်က ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့  ညနေ ၆ နာရီခန့်တွင်  မအေးအေးမြင့်သည် သူမ၏ လင်ယောက်ျားနှင့် အတူ နေအိမ်၌ ထမင်းစားနေစဉ် စစ်တပ်က ပစ်ခတ်သည့် သေနတ်ကျည်ဆံ ညာဘက် လက်မောင်းတွင် ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၃၁ ရက်နေ့က သရက်တစ်ပင်အုပ်စု သိန်းတန်ကျေးရွာမှ ဦးတင်ထွန်းမောင်၏သား မောင်ကျော်သက်ထွန်း (၂၅) နှစ်မှာလည်း ကျောကုန်းတွင် ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း  သိရသည်။

ဆက်စပ် သတင်းများ