ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

သံတွဲနှင့်ငပလီတွင် နိုင်ငံတော်ဘာသာ(မေတ္တာအခါတော်)နေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 2.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၁၆/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ငပလီမြို့တို့တွင် (၅၈) နှစ်မြောက် နိုင်ငံတော်ဘာသာ(မေတ္တာအခါတော်)နေ့ အခမ်းအနားကို သြဂုတ် ၁၅ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားအား သံတွဲမြို့တွင် ကျင်းပလာခဲ့သည်မှာ (၆) ကြိမ်မြောက်ဖြစ်ပြီး ငပလီမြို့တွင် ၅ ကြိမ်မြောက်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားအား ဦးဆောင်ကျင်းပရာတွင် ပါဝင်သူ ဦးမြင့်ဇော်က နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ သံတွဲနဲ့ ငပလီကို ပေါင်းရင် လူပေါင်း သုံးသောင်းလောက်တက်ရောက်ပါတယ်။ အခမ်းအနား မှာတော့ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံတွေနဲ့ အညီ ငါးပါးသီလ ဆောက်တည်ကြပြီး ဟောပြောပွဲ အခမ်းအနား ပြုလုပ်တယ်။ ကြွရောက်တော်မူလာကြတဲ့ ဆရာတော်ကြီးတွေကို ဆွမ်းဆန်စိမ်း လောင်းလှူကြတယ်။ နို်င်ငံတော်ဘာသာနေ့မှာ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ကြပြီး ဘာသာ သာသနာ အစဉ်တည်တံ့အောင် ဆုတောင်း မေတ္တာပို့ကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

နိုင်ငံတော်ဘာသာ(မေတ္တာအခါတော်)နေ့အခမ်းအနားကို ရခိုင်ပြည်နယ်တွင် သံတွဲခရိုင်တွင် နှစ်စဉ်ကျင်းပလာခဲ့ပြီး ပြည်သူလူထု အနေဖြင့် ယခင်ကထက် စိတ်ဝင်စားမှု ပိုများလာသည်ဟု သိရသည်။

ဦးမြင့်ဇော်က “ ကျင်းပရတဲ့ ရည်ရွယ်ချက် မိမိဘာသာကို မိမိတို့ ချစ်မြတ်နိုးတယ်။ မိမိဘာသာကို မိမိတို့ ပိုမိုတန်ဖိုးထားလာအောင်၊ ဘာသာရေးနဲ့ ပတ်သက်ပြီး ပိုပြီးတော့ ချစ်မြတ်နိုးလာအောင်၊ ကမ္ဘာတည်သရွေ့ ဗုဒ္ဓဘာသာ တည်တံ့အောင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အစဉ် ကြိုးစားကြစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

နိုင်ငံတော်ဘာသာ(မေတ္တာအခါတော်)နေ့အခမ်းအနားတွင် သာသနာအလံတော်များကို မြို့ထဲရှိ ရပ်ကွက်တိုင်းတွင် လွှင့်ထူ၍လည်းကောင်း၊ ဆိုင်းဘုတ်များ ပိုစတာများ စိုက်ထူ၍ လည်းကောင်း ခမ်းနားကြီးကျယ်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု တစ်ခြား သံတွဲ ဒေသခံ တစ်ဦးကလည်း ပြောကြားသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် ဗုဒ္ဓဘာသာ ထောင်ပေါင်းများစွာတို့က ကြွရောက်လာသည့် ဆရာတော်ကြီးများ ကြည်ညိုသဒ္ဓါပွားကာ ဆွမ်းဆန်စိမ်းများ လောင်းလှူပြီး ကုသိုလ် ဒါနပြုခဲ့ကြသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ