စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တွေ၊အုန်းရေဖော်ရောက် ရွှေလောင်းတင်စစ်ဘေးရှောင် ၆ဝ နေရပ်မပြန်နိုင်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 8.1k

နောင်ခိုင်အောင်
နိရဥ္စရာ၊ သြဂုတ်၊ ၁၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အုန်းရေဖော်ကျေးရွာသို့ ထွက်ပြေးခိုလှုံလာသည့် ရသေ့တောင်မြို့နယ်၊ ရွှေလောင်းတင်ကျေးရွာမှ စစ်ဘေးရှောင် ၆ဝ သည် နယ်မြေ အခြေအနေ တိုးတက် ကောင်းမွန်မှု မရှိ၍ နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်။

“ အဲဒီအနီအနားမှာ တိုက်ပွဲတွေဘာတွေမဖြစ်ဘူးဆိုရင် ကျနော်တို့ပြန်သွားမှာပါ။ အခုကတော့ အေးဆေး မဖြစ်သေးတဲ့အတွက် ဒီနေရာကို နေဖို့ရောက်လာတာပါ။ ဘယ်လောက်ကြာမယ် ဆိုတာကို မပြောနိုင်သေးဘူး”  ဟု ရွှေလောင်းတင်ကျေးရွာမှ ထွက်ပြေးခိုလှုံလာသူ ဦးသန်းမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

လူဦးရေ ၂ ထောင်ကျော်ရှိသည့် ရွှေလောင်တင်ကျေးရွာသည် ရသေ့တောင်မြို့နယ်တွင်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး  သြဂုတ်လ ၉ ရက်နေ့က တပ်မတော် စစ်ကြောင်း တစ်ခုကို AA က ၎င်းကျေးရွာအနီး  မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

၎င်းနေရာမှ လက်နက်ကြီး၊ လက်နက်ငယ်သံများကြားသည့်အပြင်၊ ကျေးရွာအတွင်းသို့ စစ်ကြောင်း တစ်ခုမှ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်သဖြင့် ရွာထဲတွင် မနေရဲသည့်အတွက် စစ်တွေမြို့နယ် အုန်းရေဖော်ရွာ ထွက်ပြေးလာခြင်းဖြစ်သည်ဟု ဦးသန်းမောင်က ပြောသည်။

“ကျနော်ထွက်ပြေးလာတာက ကျနော်တို့ရွှေလောင်တင်ရွာရဲ့ အနောက်ဘက် မင်းကန်းချောင်း၊ မင်းကန်းချောင်းမှာနေတော့ မင်းကန်းချောင်းကို စစ်ကြောင်းက ဆင်းလာတယ်။ အဲဒီကနေ မူစဲကမ်း ကန်ပြင်ကို ပြေးတာပေါ့နော်။ ဆိုတော့ ကန်ပြင်ကိုလာမယ်လို့ သတင်းကြားတယ်။ အဲဒါကြောင့် ကပ်ချောင်းကိုပြေးတယ်။ ကမ်းချောင်းမှာလည်း မလုံခြုံနိုင်တဲ့အတွက်ကြောင့် ဒီ အုန်းရေဖော် ကျေးရွာကိုတစ်ခါတည်း တန်းပြေးလာတာပဲ” ဟု ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါအုန်းရေဖော်ကျေးရွာတွင် သြဂုတ်လ ၉ ရက်နေ့က ရသေ့တောင်မြို့နယ် ရွှေလောင်းတင် ကျေးရွာမှ စစ်ဘေးဒုက္ခသည် ၈ဝ ခန့် လာရောက်ခိုလုံခဲ့သော်လည်း လက်ရှိတွင် လူပေါင်း ၆ဝ ကျော်ခန့်သာ ရှိတော့သည်ဟု အုန်းရေဖော်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်ထွန်းကျော်က ပြောသည်။

“ ညနေ ၄ နာရီလောက်မှာ လက်နက်သံတွေကြားတော့ ပြေးကြတာပါ။ ထမင်းတောင်စားဖို့ အချိန်မရခဲ့ကြဘူး။ ဘုန်းကြီးကျောင်းကို ပြေးတဲ့လူကပြေး၊ ငိုတဲ့လူကငိုနဲ့ အဲလိုပြေးကြပါတယ်။ တချို့ဆိုရင် ရေချိုးနေရင်တန်းလန်း ပြေးသွားကြပါတယ်။ ကြောက်တာကိုး” ဟု ရွှေလောင်းတင်ကျေးရွာမှ အုန်းရေဖော်ကျေးရွာသို့ ထွက်ပြေးခိုလုံနေသူ ဒေါ်မဆန်းညိုက ပြောသည်။

ရွှေလောင်းတင်ကျေးရွာသားများကို အုန်းရေဖော်ကျေးရွာဘုန်းတော်ကြီးတွင် ဝင်ရောက် နေထိုင်ခွင်ေ့ ပးထားသည်ဟု ကျေးရွာသားများက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် မြန်မာအစိုးရတပ်မတော်တို့ကြား ၈ လကြာ တိုက်ပွဲဖြစ်ပွာမှုအတွင်း စစ်ဘေးဒုက္ခသည် ဦးရေ ၆ သောင်းခန့် ရှိနေပြီးဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ