သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကုမ္ပဏီဝန်ထမ်း ၉ ဦးပြန်လွှတ်၊ စစ်အင်ဂျင်နီယာတပ်မှ ၄ ဦးကို ဆက်လက်ထိန်းသိမ်းထားဟု AA ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 4.3k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၁၉/ ၂ဝ၁၉

ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်း ၈ ဦးနှင့် နန်းမှန်ကုမ္ပဏီမှ ၁ ဦး၊ စုစုပေါင်း ၉ ဦးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း စစ်အင်ဂျင်နီယာတပ်မှ တပ်ဖွဲ့ဝင် ၄ ဦးကို ဆက်လက်ထိန်းသိမ်းထားသည်ဟု ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခမှ ပြောဆိုသည်။

“ ကျနော်တို့လက်ထဲမှာ ထိန်းသိမ်းထားတဲ့ ဥစ္စာမှာ ကျန်ရှိနေတဲ့ ဥစ္စာကတော့ လွန်ခဲ့တဲ့ မတ်လ ၉ ရက်နေ့တုန်းက ဒီဗမာစစ်တပ်ရဲ့ရှေ့တန်း ဗျူဟာစခန်းတစ်ခုကို  ကျနော်တို့ သိမ်းပိုက်တဲ့ အခါ  အဲ့ဒီမှာ ဖမ်းမိတဲ့ စစ်အင်ဂျင်နီယာဌာနက ၄ ယောက်ပေါ့နော်။ အဲ့ဒီ ၄ယောက်ကတော့ ကျနော်တို့ လက်ထဲမှာ ဆက်ပြီးတော့ ရှိနေတုန်းဘဲ။  သူတို့က စစ်ဘက်နဲ့ ပတ်သက်တဲ့ လူတွေ ဆိုတော့ ကျနော်တို့က ဆက်ပြီးတော့  ဟို အခြေအနေတခု ရောက်အောင်အထိ ကျနော်တို့ ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ ဆိုတော့ ဘယ်တောပြန်လွှတ်မယ်ဆိုတဲ့ ဥစ္စာ ကိုတော့ ကျနော်လည်း အတိအကျတော့မပြောနိုင်ဘူး။ ဒါကတော့ ကျနော်တို့ စစ်ရုံးချုပ်ရဲ့ ဆုံးဖြတ်ချက် နဲ့ဘဲ ဆိုင်တာပေါ့” ဟု ခိုင်သုခက ပြောဆိုသည်။

ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးထားသော ဆုထူးစံကုမ္ပဏီ ၈ ဦးနှင့် နန်းသစ္စာ ကုမ္ပဏီ ၁ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားရာမှ ၂ဝ၁၉ ခုနှစ်၊ သြဂုတ် ၁၇ ရက်၊ စနေနေ့၊ နေ့လယ် (၁) နာရီ (၃ဝ) မိနစ်အချိန်တွင်  ပလက်ဝမြို့နယ်၊ ရှင်မဒိန်ကျေးရွာအုပ်စု၊ အောက်ကလင်းရွာတွင် ရပ်မိရပ်ဖများနှင့် သင်းအုပ်ဆရာလက်ထဲသို့ ကောင်းမွန်စွာလွဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ကြောင်း AA မှ ကြေညာချက်ထုတ်ပြန်သည်။

လွှတ်မြောက်လာသူများမှာ စောကိုကိုနိုင် (၅ဝ) နှစ်၊ ကိုလှမျိုးအောင်(၃၈) နှစ်၊ ကိုကျော်မျိုးထွန်း (၃၆) နှစ်၊ ကိုသိန်းဇော်ထွန်း (၃ဝ) နှစ်၊ ကိုသိန်းဟန် (၂၂) နှစ်၊ ကိုထွန်းလင်းအောင်(၃၃)နှစ်၊ ကိုဇော်မျိုးသူ (၃၁) နှစ်၊ ကိုဇော်နိုင်ထွန်း (၂ဝ) နှစ်နှင့် ကိုဖြိုးမင်းဦး (၂၄) နှစ်တို့ ဖြစ်ကြသည်။

သူတို့ ၉ ဦးဖမ်းဆီးရခြင်းနှင့် ပတ်သက်၍ ခိုင်သုခက “ ကျနော်တို့ကနေပြီးတော့ လုံခြုံရေးအရ နေပြီးတော့ ခဏလေး မေးမြန်းစရာရှိတဲ့ အတွက်ကြောင့် မို့လို့ ခေါ်ပြီးတော့ ဒါမေးမြန်းခဲ့တဲ့ သဘော။ ဒါပေမယ့်လို့ သူတို့ကို ပြန်ပို့ဖို့လုပ်တဲ့ အချိန်မှာ ဗမာစစ်တပ်တွေရဲ့ ထိုးစစ်တွေက ပြင်းထန်လာတဲ့အခါကျတော့ ခုလိုမျိုး ကြန့်ကြာ သွားခဲ့တာဖြစ်တယ်။ ဆိုတော့ ဒီလိုကြန့်ကြာ သွားပေမယ့်လည်း သူတို့ကို ထိန်းသိမ်းထားစဉ် ကာလ အတွင်းမှာတော့ သူတို့ရဲ့ လုံခြုံရေး၊ နေရေး၊ ထိုင်ရေး၊ ကျန်းမာရေးက အစပေါ့နော်။ ကျနော်တို့ ဒီအစစအရာရာကို အကောင်းဆုံးတော့ ကျနော်တို့ဘက်က ကူညီစောင့်ရှောက်ခဲ့တာပေါ့။ အခုလည်းပဲ သူတို့ကို ကျနော်တို့ ဒါအခြေအနေပေးတာနဲ့  လုံခြုံတဲ့ နေရာကို အရောက်ထိပေါ့နော်။ ဒါကောင်းကောင်းမွန်မွန် ပြန်လေပြီးတော့ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်” ဟု ပြောဆိုသည်။

စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တပ်ဖွဲ့ဝင် ၄ ဦးနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့  အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းထံသို့ ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ