ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၁၉၊ ၂၀၁၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မဈေးကြီးတွင် ဈေးလမ်းမပေါ်၌ ပိတ်ဆို့မှုများဖြစ်နေသည့် ဈေးဆိုင်ခန်းများကို ရွေ့ပြောင်းမည်ဟု သိရသည်။
စစ်တွေမြို့ မြို့မဈေးကြီးတွင် ဈေးလမ်းမပေါ်၌ ပိတ်ဆို့မှုများဖြစ်နေသည့် ဈေးဆိုင်ခန်းများကို ရွေ့ပြောင်းမည့်အစီစဉ်အား ဆိုင်ခန်းပိုင်ရှင်များနှင့် ဆွေးနွေးရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် စည်ပင်သာယာရေးဝန်ကြီးဌာနတို့မှ ဇူလိုင်လ ၁၆ ရက်နေ့က ဆိုင်ခန်းပိုင်ရှင်များထံ အကြောင်းကြားကြောင်း သိရသည်။
“ဆိုင်ခန်းခန့်မှန်းခြေကတော့ ရွေ့ပြောင်း၇မယ့်ထဲမှာ ၁၀၀ ကျော်လောက်ပါမယ်ထင်ပါတယ်။ သူတို့က တစ်နှစ်အတွင်း ဆိုင်ခန်းအသစ်အတွက် လုပ်ပေးမယ်လို့ ပြောပါတယ်။ ကျွန်မတို့အနေနဲ့ကတော့ လုံး၀မပြောင်းချင်ပါဘူး။ ဒီနေရာက အတည်ကျနေပါပြီ။ အဲဒီနေရာမှာက ချက်ချင်းပြောင်းသွားလို့ ဈေးရောင်းကောင်းမကောင်း မသိဘူးလေ။ ဘယ်လိုပုံစံမျိုး ရောင်းရမလဲလည်း မသိပါဘူး။ အဲဒီကို သွားရင်လည်း ကျွန်မတို့ ကိုယ့်ဆိုင်ခန်းကို ပြန်ဝယ်၇မလိုဖြစ်နေတယ်။ သူတို့ဆီက သိန်း ၂၀ ဝန်းကျင်လောက်ပေးပြီး ဆိုင်ခန်းကို ပြန်ဝယ်ရမယ်လို့ ပြောပါတယ်”ဟု သစ်သီးအရောင်းဆိုင်ပိုင်ရှင် မအေးခင်စန်းက ပြောသည်။
စစ်တွေမြို့တွင် ကိုးရီးယားနိုင်ငံပိုင် BXT ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြေဖို့မြေယာစီမံကိန်းတွင် အစိုး၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ဧကအတွင်း ဆိုင်ခန်းများကို ဆောက်လုပ်ပေးသွားမည်ဟုသိရပြီး ရွေ့ပြောင်းပေးရမည့် ဆိုင်ခန်းများအစား ဆိုင်ခန်း အသစ်ရရှိရန်အတွက် ငွေကျပ်သိန်း ၂၀ ခန့်ကိုလည်း ဆိုင်ခန်းပိုင်ရှင်များက ပေးရမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီဆိုင်ခန်းတွေက ကျူးကျော်မဟုတ်ပါဘူး။ စည်ပင်က ချပေးတာပါ။ အဲဒီတုန်းကဆို ပိုက်ဆံ တစ်သောင်းကျော်ပေး၇ပါတယ်။ ကျွန်တော့် မိန်းမအသက် ၁၁ နှစ်ထဲက ဒီဆိုင်ခန်းမှာ ရောင်းစားလာတာပါ။ အခုဆို နှစ်ပေါင်း ၄၀၊ ၅၀ ရှိပါပြီ။ ပြောင်းရွေ့ပေးရင်လည်း ကိုယ့်ဆိုင်ခန်းကို ပြန်ဝယ်သလိုဖြစ်နေပြီ။ အသစ်ဆိုင်ခန်းအတွက်ရော ခိုင်ခန့်ပါ့မလား၊ အဲဒီနေရာက မြစ်ကမ်းစပ်နဲ့ နီးတော့ ရေတက်လာရင်ရော ဆိုင်ခန်းက ပစ္စည်းတွေအတွက် စိတ်ချရပါ့မလား၊ ဒီလိုမျိုးတွေ တွေးပူမိပါတယ်။”ဟု ဟင်းသီးဟင်းရွက်စုံဆိုင်ပိုင်ရှင် ဦးမောင်လှသိန်းက ပြောသည်။
ဈေးဆိုင်ခန်းများမှာ အလှပစ္စည်းအရောင်းဆိုင်များ၊ အဝတ်ဆိုင်များ၊ ဟင်းသီးဟင်းရွက်စုံဆိုင်များ၊ သစ်သီးအရောင်းဆိုင်များ၊ ဖိနပ်ဆိုင်များနှင့် မုန့်ပဲသရေစာဆိုင်များ စသည့် ဆိုင်တို့ဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး စည်ပင်ဝန်ကြီး ဦးဝင်းမြင့်အား ဆက်သွယ်မေးမြန်းခဲ့ရာ “အဲဒီ ဆိုင်ခန်းတွေ ပိတ်ဆို့နေလို့ နေရထိုင်ရကျဉ်းကျပ်တယ်။ နေရထိုင်ရရှောင်အောင်လုပ်တော့ ပြည်သူတွေအတွက် အဆင်ပြေမယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီစီမံကိန်းကို ပြည်သူတွေရဲ့ အသံနဲ့ ဆုံးဖြတ်ပြီးမှ လုပ်မှာပါ။ ဆိုင်ခန်းအရေအတွက် ဘယ်လောက်ရွေ့ပြောင်းမယ်ဆိုတာက ပိတ်ဆို့နေတဲ့ဆိုင်ခန်းတွေအပေါ်မှာ မှုတည်ပါတယ်။”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့က စစ်တွေမြို့ ပြန်ကြားရေးဝန်ကြီးဌာနရုံးရှေ့မှ ဈေးဆိုင်ခန်း ၆ ခန်းလည်း ဖြိုဖျက်ခံခဲ့ရကြောင်းလည်း သိ၇သည်။