Preview

မင်းပြားတွင်လက်နက်ကြီးကျ၍ မိသားစုနှင့်တွေ့ဆုံရန်ရောက်နေသည့် တပ်ကြပ်ကြီးသေ၊ မိန်းမဖြစ်သူဆေးရုံရောက်

သြဂုတ် ၂၀/ ၂၀၁၉ | ကြည့်ရှုသူ :3345
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၂၀/ ၂၀၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ဆင်ကြီးပြင် ကျော်လမ်းတွင် လက်နက်ကြီးကျည်ကျ၍ မိသားစုနှင့် တွေ့ဆုံရန် လာရောက်သူ တပ်ကြပ်ကြီး တစ်ဦးသေဆုံးပြီး မိန်းမဖြစ်သူ ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူတပ်ကြပ်ကြီးမှာ ၇သေ့တောင်မြို့ အမှတ် (၅၃ရ) တပ်ရင်းမှ တပ်ကြပ်ကြီး ဦးလှထွန်း (၅၂) နှစ်ဖြစ်ပြီး ဒဏ်ရာ၇သွားသူမှာ သူ၏ ဇနီး ဒေါ်သန်းသန်း (၄၅) နှစ်ဖြစ်ကြောင်း ဆွေမျိုး တော်စပ်သူ တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဒေါ်သန်းသန်း၏ မောင်ဖြစ်သူ ဦးမောင်မောင်က “ ကျွန်တော်ယောက်ဖ ဦးလှထွန်းက မျက်စိ ငြောင့်ထိုးတဲ့အတွက် ရန်ကုန်ကို ဆေးကုပြီး အပြန် အမေလည်း နေမကောင်းတဲ့ အတွက် သုံးလေးရက်လောက် နေမယ်ဆိုပြီး လာရောက်တာပါ။ ကျွန်တော်အမ ဒေါ်သန်းသန်းကလည်း အမေ နေမကောင်းတဲ့ အတွက် အမေဆီကိုလာရင်း စောင့်နေတာပါ။ မနေ့က ညဉ့် ၉ နာရီကျော်မှာ အိပ်နေစဉ် လက်နက်ကြီးကျည်ကျတာပါ။ ဦးလှထွန်းက ချက်အောက်မှ တစ်ချက်၊ နောက် ဒဏ်ရာ ၄ ချက်လောက်ရပြီး သေဆုံးသွားပါတယ်” ဟုပြောသည်။

ဒေါ်သန်းသန်းမှာ ညာဘက် လက်အောက်တွင် ဒဏ်ရာရရှိခဲ့ပြီး အောင့်နေကြောင်း၊ ယနေ့နံနက် ၁၀ နာရီတွင်  ရရှိနေသည့် ဒဏ်ရာ မင်းပြားဆေးရုံတွင် ဓာတ်မှန် ရိုက်မည် ဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးကျည် ကျရောက်ခြင်းနှင့် ပတ်သက်ပြီး “ မင်းပြားမြို့ ဆင်ကြီးပြင်ကျော်လမ်း ဆိုတာ ရှိပါတယ်။ သူတို့အိမ်မှာ အိပ်နေစဉ် လက်နက်ကြီးကျည် က အိမ်ခြံဝင်းထဲ ကျတာပါ။ စစ်တပ်က ပစ်တာပါ။ တပ်ရင်းအမှတ် ၃၈၀ လို့ ပြောတာပါဘဲ။ သူတို့က ညဉ့်ဆိုရင် ဒီလို ခြိမ်းခြောက်ပစ်ခတ်မှုတွေ မကြာခဏ လုပ်လေ့ရှိပါတယ်” ဟု ဦးမောင်မောင်က ပြောဆိုသည်။ 

မင်းပြားမြို့နယ်မှူးသို့ ယနေ့ နံနက် ၈ နာရီ ၃၀ မိ်နစ်က ဆက်သွယ်ရာ မြို့နယ်မှူးက “ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ အချိန် ညဉ့်ဖြစ်နေတာမို့ ကျွန်တော်တို့ရဲတပ်ဖွဲ့ကို အကူအညီတောင်းတဲ့ အတွက် ဒဏ်ရာရလူနာတွေကို ဆေးရုံကို ကူညီ ပို့ဆောင်ပေးခဲ့ပါတယ်။ လောလောဆယ်တော့ သေသလား၊ မသေဘူးလားဆိုတာတော့ ကျွန်တော်ဆီကို အစီရင်ခံစာ မရောက်သေးတဲ့ အတွက် မပြောနိုင်သေးပါဘူး” ဟု ပြောဆိုသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ၎င်းက“ ၎င်းဖြစ်စဉ်မျိုး မနေ့က ညဉ့်မှာ ဖြစ်တာတော့ မရှိဘူး။ ကျွန်တော်တို့မကြားမိဘူး။ လက်နက်ကြီးက ဘယ်ကို ပစ်တာလဲ။ ကျွန်တော်တို့ မကြားမိသေးပါဘူး” ဟု ပြောကြားသည်။

ယခု ဦးလှထွန်း အလောင်းအား မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံမှ  ခွဲရုံတွင် ထားရှိပြီး မင်းပြားရဲစခန်းမှ စစ်ချက်လာယူခဲ့ကြောင်း၊ မိသားစုများ အနေဖြင့်လည်း မိခင်တပ်ရင်း အမှတ် (၅၃ရ) သို့ အကြောင်းကြားထားကြောင်း ပြောဆိုသည်။

သေဆုံးသူ တပ်ကြပ်ကြီး ဦးလှထွန်း (ဘ) ဦးကုလား (မိ) နှင်းမြသူနှင့် ဒေါ်သန်းသန်းမှာ မင်းပြားမြို့ ဇာတိ ဖြစ်ကြောင်း သိ၇သည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.