သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၂၀/၂၀၁၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် တံခွန်တိုင်ကျေးရွာနှင့် ကုလာမတောင်ကျေးရွာ အကြားတွင် ယနေ့ နံနက်ပိုင်း ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့နောက် သေနတ် ပစ်ခတ်သံများ ထွက်ပေါ်လာသဖြင့် ကျေးရွာသားများ ကြောက်လန့် ထွက်ပြေးနေကြရသည်ဟု သတင်းရရှိသည်။
ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသည် တံခွန်တိုင်ကျေးရွာ၏ အရှေ့ဘက် ၂ဖာလုံခန့်အကွာတွင် ဖြစ်ကြောင်း ကျေးရွာသားတစ်ဦး က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“ ဒီနေ့ နံနက်ပိုင်းက ပေါက်သံတော့ ကြားပါတယ်။ မိုင်းပေါက်တာလား၊ ဘာလား ကျနော်လည်း မသိဘူး။ လက်နက်ကြီးပေါက်သံတော့ နှစ်လုံး၊ သုံးလုံး ဆက်တိုက် ပေါက်သံ ကြားပါတယ်။ အသံက အရမ်းကျယ်ပါတယ်။ အနားမှာ ကပ်ပြီးဖြစ်တာဆိုတော့ ကျနော်တို့လည်း အိမ်အောက်မှာ ဝပ်နေရတယ်။ ပေါက်ကွဲပြီးတာနဲ့ ချက်ချင်း လက်နက်ငယ် ပစ်ခတ်သံတွေလည်း ထွက်လာ ပါတယ်” ဟု တံခွန်တိုင်ကျေးရွာသားက ပြောသည်။
ထိုသို့ ပေါက်ကွဲသံများ၊ ပစ်ခတ်သံများကြားနေရမှုကြောင်း ဒေသခံ ကျေးရွာသားများ စိုးရိမ် ကြောက်လန့် နေကြရကြောင်း၊ အချို့မှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးနေကြကြောင်း ၎င်းက ဆက်လက် ပြောသည်။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်အား ဆက်သွယ် မေးမြန်းခဲ့ရာ ပေါက်ကွဲမှု၊ ပစ်ခတ်မှု ဖြစ်ပွားခြင်းကို ယနေ့ နံနက်ပိုင်း၌ ဒေသခံတစ်ဦးက ဖုန်းဆက် သတင်းပေးလာသဖြင့် သိရှိထားပြီ ဖြစ်ကြောင်း ပြောကြားသည်။
“ အဲ့ဒီဘက်က ဒေသခံတစ်ဦးက ကျနော်ကို ပြောပါတယ်။ ဗုံးပေါက်တယ်။ ဘယ်နှစ်လုံး ပေါက်တယ်ဆိုတာကိုတော့ ကျနော့်ကို မပြောဘူး။ ဗုံးပေါက်ပြီးတာနဲ့ အဲ့ဒီအနီးအနားမှာ ဗုံးထောင်သူတွေ ရှိနိုင်တယ်ထင်ပြီး စစ်တပ်ကနေ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ကျနော့်ကို ပြောလာပါတယ်” ဟု ပြောသည်။
လက်ရှိအချိန် တွင် ကုလားမတောင်နှင့် တံခွန်တိုင်ကျေးရွာအတွင်းသို့ စစ်တပ်က ဝင်ရောက်လာပြီး လူအဝင်အထွက်နှင့် အိမ်ထောင်စု စာရင်းများကို စစ်ဆေးနေကြောင်း သတင်းရရှိသည်ဟု ဦးလှသိန်းအောင်က ပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့် ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး အား ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ဆက်သွယ်ခဲ့ရာ ဖုန်းပိ်တ်ထားသဖြင့် ဆက်သွယ်မှုမရရှိသေးပါ။
ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုကြောင့် မကြာခဏဆိုသလို မိုင်းပေါက်ကွဲမှုများ၊ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုမျာ ဖြစ်ပွားလျှက်ရှိနေသဖြင့် ဒေသခံများအနေဖြင့် လုပ်ကိုင် ရှာဖွေစားသောက်ရန် ရွာပြင်သို့ မသွားရဲ မလာရဲ အခက်အခဲများ ဖြစ်နေကြရကြောင်း သိ၇သည်။