Preview

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရဲကားတန်းမိုင်းဆွဲတိုက်ခိုက်ခံရ၊ ဒုရဲမှူးတစ်ဦးသေဆုံး

သြဂုတ် ၂၀/ ၂၀၁၉ | ကြည့်ရှုသူ :8912
ရခိုင် သတင်း

နီမင်းထွန်း
နိရဥ္စရာ ၊ သြဂုတ်လ ၂၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် ယနေ့နံနက် ၉ နာရီခွဲခန့်က ရဲကားတန်း တစ်ခု မိုင်းခွဲတိုက်ခိုက်ခံခဲ့ရဖြင့် ဒုရဲမှူး တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ စစ်တွေ အခြေစိုက် ၇တဖ (၃၂) မှ ဒုရဲမှူး သောင်းလွင်ဖြစ်ကြောင်း သိရသည်။

ဒုရဲမှူး သောင်းလွင်၏ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဌေးက “ ကျွန်မသတင်း၇ပါတယ်။ ကျွန်မ စစ်တွေမှာ မဟုတ်ဘူး။ မိတ္ထိလာမှာပါ။ ကျွန်မတို့အိမ်ကို လူကြီးတွေလည်း လာကြပါတယ်။ ဒီနေ့ မနက် ၉ နာရီခွဲက ဖြစ်တာဆို။ အတည်ပြုပြီးပီ။ ဒါပေမယ့် ကျွန်မက ခုချိန်ထိ မယုံသေးဘူး” ဟု ပြောကြားသည်။

မိုင်းခွဲတိုက်ခိုက်မှုမှာ ယနေ့ နံနက် ၉ နာရီကျော်က သဲတော်ရွာနှင့် ကဏန်းတောင်အကြား၊ ပက်ခွက်ဆိပ်ရွာအနီး ဗိုလ်တစ်ထောင်ဘုရားအနီး ၂ နေရာတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ ဖြစ်တာက ပုဏ္ဏားကျွန်းမြို့အဝင် ယိုးတရုပ်ပေါ့ဗျာ။ အဲဒီအနားမှာ နေရာ နှစ်ခုမှာ ဖြစ်တာ။ ပထမ တစ်ကြိမ်ခွဲတုန်းက ဘာမှ မဖြစ်ဘူး။ ဒုတိယအကြိမ်ခွဲတော့ ကားဘီးတွေ ဘာတွေ ပေါက်တယ်။ ရဲတပ်ဖွဲ့ဝင် သုံးလေးယောက် ဒဏ်ရာရတယ်။ အေအေက သတင်းရပြီး ခွဲတာဖြစ်တယ်” ဟု ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်က “ ကျွန်တော်တို့ သတင်းရတာက ပုဏ္ဏားကျွန်းမြို့နယ် လူမှုကူညီရေး အသင်းက ကား ၄ စီးနဲ့ ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ယူဆောင်လာတယ်။ ပုဏ္ဏားကျွန်းဆေးရုံမှာ ဆေးကုသပြီးတော့ စစ်တွေကို ယူသွားတယ်လို့ သတင်းရတယ်။ ရဲအရာရှိတစ်ဦး ဆေးရုံမှာ ကတည်းက ဆုံးတယ်လို့ သတင်း၇ပါတယ်” ဟု ပြောသည်။

မျက်မြင် ဒေသခံများက ရဲကား ၅စီးတွင် ၃ စီး မိုင်းဆွဲတို်က်ခိုက်ခံရပြီး ဒဏ်ရာရသူများရှိကြောင်း ပြောဆိုသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ ၉ နာရီခွဲလောက်မှာ မိုင်းတစ်လုံးပေါက်သံကြားရပါတယ်။ သေနတ် ပစ်သံတွေတော့ မကြားရဘူး ။ တစ်ယောက်မှ သွားမကြည့်ရဲတော့ အထိအခိုက် ကျဆုံးမှုကိုမသိရဘူး။ ရဲကားငါးစီးလာတာပဲသိတယ်။ မိုးပေါက်ကွဲပြီးနောက် လမ်းတွေကိုတော့ ခဏ ပိတ်ထားတယ်။ ခဏကြာတော့ လူနာတင်ကားတွေ သွားလာနေတာပဲမြင်ရတယ်။” ဟု နိရဥ္စရာကိုပြောသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.