သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၂၁/၂၀၁၉
ရသေ့တောင်မြို့ပေါ်သို့ ရောက်ရှိလာသည့် ကျောက်တန်းကျေးရွာမှ အိမ်ထောင်စု ၅၀ကျော် လူပေါင်း ၂၀၀ခန့် အတွက် နေထိုင်ရေးနှင့် စားရေးသောက်ရေး အခက်ရှိနေကြောင်း သတင်းရရှိသည်။
၎င်းကျောက်တန်း ကျေးရွာသားများသည် အနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ယခင်က နီးစပ်ရာ ကျေးရွာများတွင် သွားရောက် ခိုလှုံနေထိုင်ခဲ့ကြသူများဖြစ်ပြီး ယခုအခါ နယ်ဘက်တွင်လည်း အခြေအနေ မကောင်းသဖြင့် မြို့ပေါ်သို့ ဆက်ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း ရသေ့တောင် မြို့ပေါ် CSO ပေါင်းစုံစစ်ဘေး ရှောင်စခန်း ဥက္ကဋ္ဌ ဦးကျော်သာခင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“အခု ကျနော်တို့ CSO ပေါင်းစုံစစ်ဘေးရှောင်စခန်းကို ရောက်နေကြတာပါ။ နေစရာနေရာလည်း မရှိ။ ဒီမှာကလည်း မဆန့်တော့ဘူး။ စားဖို့သောက်ဖို့ကလည်း အဆင်မပြေ အခက်အခဲ ဖြစ်နေတယ်။ သူတို့ အစကတည်းကနေ နေရပ်စွန့်ခွာပြီး နယ်တွေမှာ ပြေးနေကြတာ။ အခု နယ်ဘက်မှာလည်း အဆင်မပြေတော့ မြို့ပေါ်ရောက်လာကြတာ။ အခု သူတို့ရောက်နေတာ တစ်ပတ်လောက်ရှိနေပါပြီ” ဟုပြောသည်။
မြို့ပေါ်သို့ နေရပ်စွန့်ခွာ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များအား နေရာထိုင်ခင်းများ မချပေးနိုင်ကြောင်း၊ နေရာလည်း အလွတ်မရှိကြောင်း၊ လက်ရှိတွင် စစ်ဘေးရှောင်များအတွက် အကူအညီများအရေးတကြီး လိုအပ်နေကြောင်း ဦးကျော်သာခင်က ပြောသည်။
ရသေ့တောင်မြို့ပေါ်ရှိ ပြည်လုံးချမ်းသာ၊သာသနရက္ခိတ၊ ဗိမာန်၊ ပုဗ္ဗာရုံ ကျောင်းစသည့်ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းတွင် ကယ်ဆယ်ရေး စခန်း ၅ ခုဖွင့်လှစ်ထားပြီး စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၁၀၀၀ကျော်ခန့်ကို လက်ခံထားရှိသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ထွက်ပြေးလာကြသည့် အိမ်ထောင်စု ၅၀ ကျော်နှင့် လူဦးရေ ၂၀၀ ခန့်တွင် မွေးခါနီး ဖွားခါနီး ကိုယ်ဝန်အရင့်မာနှင့် အိမ်ထောင်သည်အမျိုးအမီးလည်းပါရှိပြီး ၄င်းကိုယ်ဝန်သည် အမျိုးသမီးများ အတွက်လည်း မွေးဖွားဖို့ အခက်အခဲများ ကြုံတွေ့ရမည်ကို စိုးရိမ်နေကြကြောင်း လက်ရှိ မြို့ပေါ်ရောက်ရှိနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ဖြူဖြူသန်းက ပြောသည်။
“ကျမတို့က ကျောက်တန်းကပါ။ ရွာမှာ နေဖို့ထိုင်ဖို့ အခက်အခဲဖြစ်လို့ မြို့ပေါ်ရောက်လာကြတာပါ။ လွန်ခဲ့တဲ့ အပတ်က စစ်တပ်က ရွာထဲသို့ ပစ်ခတ်ပြီး ဝင်လာလို့ အဲ့ဒါကြောင့် ကြောက်ပြီး ပြေးလာကြတာပါ။ လက်နက်ကြီးအသံ လက်နက်ငယ်အသံတွေကြားရတယ်။ ကျမတို့က လှည့်လို့လည်း မကြည့်ဝံ့ခဲ့ဘူး။ အသက်လုပြီး ပြေးလာခဲ့ကြရတာပါ” ဟု ဒေါ်ဖြူဖြူသန်းက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီး ထွက်ပြေးလာကြချိန် လူမမာနှင့် လူအိုများ၊ မပြေးနိုင်မလွှားနိုင်သူများကို ခေါ်ဆောင်ရသဖြင့် လွန်စွာ ဒုက္ခရောက်ခဲ့ရကြောင်း မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာသည့် ၎င်းက ဆက်လက် ပြောသည်။
ပြီးခဲ့သည့် မေလ၂ရက်နေ့ နံနက် ၂နာရီခန့်တွင် ကျောက်တန်းကျေးရွာသားများအား စာသင်ကျောင်းတွင် စစ်တပ် စစ်ဆေးနေစဉ် စိတ်မနှံ့သူတစ်ဦး အော်ပြီး ထွက်ပြေးရာမှ စစ်တပ်က ပစ်ခတ်မှုကြောင့် ကျေးရွာသား ၈ ဦးအထိ သေဆုံးခဲ့ရကြောင်း သိ၇သည်။
(ဓာတ်ပုံ- ရသေ့တောင်မြို့ပေါ်သို့ ယခင်ကတည်းက ရောက်ရှိနေကြသည့် စစ်ပြေးရှောင်များ)