နိရဥ္စရာ၊ သြဂုတ် ၂၂/၂၀၁၉
ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည် သုံးထောင်ကျော် ယနေ့ မြန်မာနိုင်ငံသို့ ပြန်ဝင်လာမည်ဟု သတင်းဖြစ်နေသော်လည်း ဘင်္ဂလာဒေ့ရှ်ဘက်တွင် ပြန်လည် ပို့ဆောင်ရေးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးကြောင်း ဘင်္ဂလာဒေ့ရှ် ကူတူပါလောင် ဒုက္ခသည် စခန်းမှ ဟိန္ဒူလူမျိုး ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။
နိရဥ္စရာသတင်းဌာနမှ ယနေ့နံနက် ၁၀ နာရီက ဆက်သွယ်စဉ် ၎င်းက “ ကျွန်တော်တို့ဆီကို ဘင်္ဂလာ အစိုးရက ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး အခုအချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားတာမရှိဘူး။ ကျွန်တော်တို့ ပြန်ချင်တယ်။ ဒီနေ့ ပြန်ဖို့ အစီအစဉ်မရှိဘူး” ဟု ပြောကြားသည်။
တစ်ခြား မူဆလင် ဒုက္ခသည်များအား ပြန်ပို့ရေးကော ရှိပါသလားဟု မေးမြန်းရာ တစ်စုံတစ်ရာ ထူးခြားမှု မကြား၇ကြောင်းပြောကြားသည်။
ပြန်ဝင်လာမည့် ဒုက္ခသည်များကို ပြန်လည် လက်ခံမည့် မြန်မာနိုင်ငံ နယ်စပ် တောင်ပြိုတွင်လည်း ယနေ့ နံနက် ၁၀ နာရီထိ ထူးခြားမှု မရှိသေးဟု သိ၇သည်။